သက်တံ့
၁၆. ၃. ၂၀၂၆
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းက ဒေါ်လာ ၁၆ သန်းကျော်နဲ့ ဝယ်ယူထားတဲ့ မြန်မာ့ရုပ်ရှင် သရုပ်ဆောင် စမိုင်းလ်ရဲ့ စံအိမ်ကြီးဟာ လက်ရှိမှာ လစဉ်ကြေး ပုံမှန်ပေးသွင်းမှုမရှိတဲ့ Preforeclosure ခေါင်းစဉ်အောက်မှာ ဒေါ်လာ ၂၁ သန်းကျော်နဲ့ Zillow က အရောင်းတင်ထားတာကို တွေ့လာနေရပြီး ဒီဖြစ်စဥ်အပေါ် ဝေဖန်မှုတွေရှိလာချိန်၊ ကျားဖြန့်တွေ ဖမ်းဆီးနေချိန်မှာ အိမ်ကြွေးမပေးနိုင်တာလို့ ဝေဖန်လာတဲ့အပေါ် သရုပ်ဆောင်စမိုင်းလ်က ပေးသွင်းရမယ့်အကြွေးက ဒေါ်လာ တစ်သန်းတောင်မရှိသလို ရိုးလ်ရွိုက်စ်တစ်စီးစာပဲရှိတယ်လို့ ဒီနေ့ တုံ့ပြန်လာပါတယ်။
“ရှင်းစရာရှိတာရှင်းရတော့မယ့်အချိန်ရောက်ပြီ!!!!အခုဖြစ်နေတာက ပိုက်ဆံဒေါ်လာတစ်သန်းတောင်မပြည့်တဲ့ကိစ္စကို အကြီးအကျယ်လုပ်နေကြတာ။ Rolls Royce တစ်စီးစာပဲရှိတယ်။ ပုံနဲ့တကွပြထားတယ်။ အမေရိကားကဟာတွေ ရှာကြည့်ကြ။ အိမ်ကလည်း ဒီတိုင်းရောင်းရင်တောင် အရမ်းကိုမြတ်နေတာ။ ကိုယ်တွေကအေးဆေးပဲ။ စိတ်ပူပေးနေတဲ့သူတွေအကုန်လုံး ကျေးဇူးပါ 🙏🏼ကြိတ်ပျော်နေတဲ့သူတွေအတွက်တော့ ဆောရီးပဲနော် 😁 စဆရက ( စားစရာမရှိမဟုတ်ဘူး ဟေ့ ) ( သောက်ဆရာကြီးလုပ်တာကိုပြောတာ ) ကျားဖြန့်ဆိုပြီး မျက်စိပိတ်ယုံပြီး ကိုယ့်စိတ်ကျေနပ်အောင် လျှောက်ပြောနေတဲ့ဟာတွေကတော့ ပညာမတတ် ဦးနှောက်မပါတဲ့လူတွေလို့ ပဲသတ်မှတ်လိုက်တယ်။ မူးမှ Live လွှင့်ပေးမယ် အဟက်”လို့ စမိုင်းလ်က တုံ့ပြန်လာတာပါ။




စမိုင်းလ်က ပုံနဲ့ဖော်ပြလာတဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်အထိ အိမ်ရာချေးငွေ ပေးရန်ကြွေးမြီက ဒေါ်လာ ၉၂၇၂၃၇ ဒေါ်လာကျော်ရှိနေပြီး အကြောင်းကြားစာရအပြီး ရက် ၉၀ အတွင်း ပေးရမှာပါ။ ဒီပမာဏဟာ အတိုးနဲ့ တခြားဝန်ဆောင်ခတွေလည်း တက်လာနိုင်ပြီး သတ်မှတ် လေလံရက်မတိုင်ခင် ၅ ရက်အထိ အိမ်သိမ်းခံရမယ့်အခြေအနေကနေ ကာကွယ်ခွင့်ရှိတယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ် ကောင်တီက သတိပေးထားတဲ့စာဖြစ်ပါတယ်။
Preforeclosure ဆိုတာ အိမ်လခ၊ လစဉ်ပေးသွင်းရမယ့်ငွေ၊ အိမ်ခွန်တို့ကို ပုံမှန် မပေးသွင်းတဲ့ အိမ်ဖြစ်လို့ ငွေချေးထားတဲ့ ကုမ္ပဏီကနေ ကာလအပိုင်းအခြားတစ်ခုအတွင်းမှာ ပေါက်ဈေးနဲ့ လေလံတင်ရောင်းချခွင့် ပြုနိုင်တဲ့ သဘောလို့ အကြမ်းဖျင်းဆိုနိုင်တယ်လို့လည်း အမေရိကန်အခြေစိုက် နေရာတကာသတင်းဌာနက ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားက Hidden Hills မှာ ၂၀ဝ၇ ခုနှစ်ကမှ ဆောက်ထားတဲ့ စမိုင်းလ်တို့ရဲ့ အဲဒီစံအိမ်ဟာ အိမ်ခန်း ၈ ခန်းနဲ့ အိမ်သာ၊ ရေချိုးခန်း ၁၂ ခန်းပါရှိပြီး မြေခွန်ချည်း တစ်နှစ်ကို ဒေါ်လာ ၂ သိန်းကျော်ပေးဆောင်ရသလို အိမ်အာမခံကလည်း အိမ်ဖိုးအကြွေး မကြေသေးသရွှေ့ တစ်သက်လုံး ပေးရပြီး အခု ဒီအိမ်ရဲ့ အိမ်အာမခံကြေးက တစ်နှစ်ကို ၈ သောင်းကျော်ကျလို့ လစဉ်အနေနဲ့ ဒေါ်လာ ၇ ထောင်ကျော်ပေးဆောင်ရတယ်ဆိုပါတယ်။ ဒါ့အပြင် အိမ်ရဲ့ ကုန်ကျစရိတ် အကြမ်းဖျင်းတွက်ကြည့်ရင် ရေခ၊ မီးခဖိုးတွေမတွက်ဘဲ မြေခွန်နဲ့ အာမခံကြေးနှစ်ခုတည်းနဲ့တင် အိမ်အတွက် တစ်လကို ဒေါ်လာ ၂ သောင်းခွဲနီးပါး ကုန်ကျစရိတ်ရှိပြီး လစဉ် အိမ်ဖိုးဆပ်ရမယ့် ဒေါ်လာ ၁ သိန်းကျော်၊ အကြွေးပါထည့်ပေါင်းရင် အနည်းဆုံး လစဉ်ပေးရမှာ ဒေါ်လာ တစ်သိန်းခွဲလောက် ကုန်ကျစရိတ်အနည်းဆုံးရှိမယ်လို့ တွက်ဆရပြီး စမိုင်းလ်တို့အိမ် လေလံတင် ရောင်းချလာတော့မယ့် စာရင်းထဲပါနေတာ ၂ လနီးပါး ဖြစ်နေပြီလို့ Zillow က ဖော်ပြထားတယ်လို့လည်း နေရာတကာက ဆိုပါတယ်။
ဒီဖြစ်စဥ်ဟာ မတ်လ ၁၄ ရက်ကစ လူမှုကွန်ရက်မှာ ပေါ်ထွက်နေတာဖြစ်ပြီး စမိုင်းလ်ဘက်ကတော့ ဒီနေ့ မတ် ၁၆ ရက်ကြမှ ပေးရမယ့်အကြွေးက Rolls Royce တစ်စီးစာပဲရှိတယ်လို့ တုံ့ပြန်လာတာဖြစ်ပါတယ်။
