သက်တံ့
၁၆. ၃. ၂၀၂၆
ရန်ကုန် – မန္တလေး အမြန်လမ်းတွင် ရွှေပြည်တော်ခရီးသည်တင်ယာဥ်က ညသန်းခေါင်လမ်းဖြတ်ကူးသူကို ဝင်တိုက်မိ၍ လမ်းကူးသူ သေဆုံးသွားခဲ့သည်ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ မတ် ၁၆ ရက်ကူးစ နံနက် ၁၂ နာရီ မိနစ် ၅၀ ခန့်တွင် ရန်ကုန်မှ နေပြည်တော်သို့ (အသွားလမ်းအတိုင်း) မောင်းနှင်လာသော MDY-13 9L/4353 ရွှေပြည်တော် Higer အမျိုးအစား (ဖြူ/နက်ကြားရောင်) ခရီးသည်တင်ယာဉ်မှာ အမြန်လမ်းမကြီးပေါ် မောင်းနှင်နေစဉ် မိုင်တိုင် အမှတ်(၇၆/၀) အရောက်၌ အမျိုးသားတစ်ဦးသည် လမ်းလယ်ကျွန်းမှ အရှေ့ဘက်သို့ ရုတ်တရက် ဖြတ်ကူးစဉ် ခရီးသည်တင်ယာဉ်နှင့် တိုက်မိခဲ့သည်။ ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါလာသူများမှာ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း လမ်းဖြတ်ကူးသူအမျိုးသားမှာ နေရာတွင် သေဆုံးသွားခဲ့သည်။
အမြန်လမ်းမကြီးများ ဥပဒေအရ အမြန်လမ်းပေါ်တွင်လမ်းလျှောက်သူ၊ လမ်းဖြတ်ကူးသူ၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ထော်လာဂျီ၊ သုံးဘီးယာဉ်များမှာ သွားလာခွင့်မရှိကြောင်းနှင့် အမြန်လမ်းပေါ်၌အဆိုပါ လူ၊ ယာဉ်များကြောင့် မတော်တဆမှု ဖြစ်ပွားပါက အဆိုပါယာဉ်မောင်းနှင်သူ၊ လမ်းလျှောက်သူသာ အရေးယူခံရမည်ဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အသိပေးထားသည်။
အဆိုပါဖြစ်စဥ်ကို ဥသျှစ်ကုန်းအမြန်လမ်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး သေဆုံးအမျိုးသားအား 192 သူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
