၁၆. ၃. ၂၀၂၆
Written by Nyein Kyaw
လုပ်ငန်းသုံးမော်တော်ယာဉ် ထုတ်လုပ်ခြင်း၊ EV တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း၊ လျှပ်စစ်ဓာတ်ထုတ်လုပ်ခြင်း လုပ်ငန်းများအပါအဝင် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၃၅ ခု ထပ်မံခွင့်ပြုပေးခဲ့ကြောင်း ယမန်နေ့က ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။
အဆိုပါ အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်လေးခုနှင့် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍများမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃၁ ခုတို့ကို ခွင့်ပြုပေးခဲ့သည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၀၀၃ သန်းနှင့် ကျပ် ၁,၉၅၅,၅၂၆ ဒသမ ၉၅၅ သန်း (ကျပ် ၁,၉၅၅ ဘီလျံကျော်)ဖြစ်ပြီး အလုပ်သမား ၅,၀၆၄ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းအမျိုးအစားများမှာ နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိသည့် လုပ်ငန်းသုံးမော်တော်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၊ လျှပ်စစ်မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများ၊ ဆိပ်ကမ်းတည်ဆောက်ခြင်းနှင့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများပါဝင်သည်။
ထို့ပြင် လက်ကိုင်ဖုန်းအမျိုးမျိုး တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ဆိုလာပြားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ မွေးမြူရေးအစာထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများအပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သောနိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။
မြန်မာ့နိုင်ငံ၏ စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၂၇ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၂ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့် အစဉ်လိုက်အများဆုံး ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။
