သက်တံ့
၁၆. ၃. ၂၀၂၆
အကယ်၍သာ မဟာမိတ်နိုင်ငံများအနေဖြင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီခြင်းမရှိပါက နေတိုးအဖွဲ့သည် “အလွန်ဆိုးရွားသော” အနာဂတ်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က သတိပေးလိုက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် စီစဉ်ထားသည့် ထိပ်သီးဆွေးနွေးပွဲကိုလည်း ရွှေ့ဆိုင်းနိုင်ကြောင်း တနင်္ဂနွေနေ့က Financial Times (FT) သတင်းစာတွင် ဖော်ပြခဲ့သည့် မှတ်ချက်များ၌ ပြောကြားခဲ့သည်။
”တရုတ်နိုင်ငံဟာလည်း ကူညီသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံဟာ သူတို့ရဲ့ ရေနံ ၉၀ ရာခိုင်နှုန်းကို ဒီရေလက်ကြားကနေ ရရှိနေတာကြောင့်ပါ” ဟု ထရမ့်ပ်က အဆိုပါသတင်းစာသို့ ပြောကြားခဲ့သည်။
ထို့ပြင် ပေကျင်းသို့ သွားရောက်လည်ပတ်ရန် အစီအစဉ်မတိုင်မီ တရုတ်နိုင်ငံ၏ သဘောထားကို ဦးစွာသိရှိလိုကြောင်း ၎င်းက ပြောခဲ့သလို “ကျွန်တော်တို့ (တရုတ်) ခရီးစဉ်ကို ရွှေ့ဆိုင်းကောင်း ရွှေ့ဆိုင်းနိုင်ပါတယ်” ဟု ဆိုသည်။
ထို့အတူ အီရန်၏ ပိတ်ဆို့ခံ ဟော်မုဇ်ရေလက်ကြားအရေး တရုတ်က မကူညီပါက တွေ့ဆုံပွဲဖျက်သိမ်းမည်ဟု အမေရိကန်က ခြိမ်းခြောက်နေသော်လည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘဲဆင့်နှင့် တရုတ်ဒုတိယဝန်ကြီးချုပ် ဟဲလီဖုန်း တို့သည် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် နှစ်ရက်ကြာ ဆွေးနွေးပွဲကို တနင်္ဂနွေနေ့က စတင်ခဲ့သည်။ ဤဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး ပဋိပက္ခများကို ညှိနှိုင်းရန်နှင့် မတ်လကုန်တွင် ပေကျင်း၌ ကျင်းပမည့် ထရမ့်ပ်နှင့် ရှီကျင့်ဖျင်တို့၏ တွေ့ဆုံပွဲ အဆင်ပြေစေရန် ကြိုတင်လမ်းခင်း ပြင်ဆင်ရန်ဖြစ်သည်။
ယင်းအပြင် တရုတ်နှင့် ဆွေးနွေးမှုများ ရှိနေသော်လည်း ထရမ့်ပ်ကမူ ဟော်မုဇ်ရေလက်ကြားမှ အကျိုးအမြတ် ရရှိနေသည့် အခြားနိုင်ငံများအနေဖြင့်လည်း လမ်းကြောင်းလုံခြုံရေးအတွက် တာဝန်ယူသင့်ကြောင်း ဆက်လက်တိုက်တွန်းခဲ့သည်။
”ဒီရေလက်ကြားကနေ အကျိုးအမြတ် ခံစားနေရတဲ့သူတွေအနေနဲ့ အဲဒီနေရာမှာ ဆိုးရွားတာမျိုး တစ်ခုမှ မဖြစ်အောင် ကူညီလုပ်ဆောင်ပေးဖို့က သင့်တော်တဲ့ လုပ်ရပ်ပါပဲ” ဟု ၎င်းက FT သို့ ပြောသည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်တပ်ဖွဲ့များဘက်မှ တုံ့ပြန်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် ထရမ့်ပ်က နိုင်ငံတကာအနေဖြင့် ရေလက်ကြားအား သင်္ဘောများ ဖြတ်သန်းသွားလာနိုင်ရန် စစ်သင်္ဘောများစေလွှတ်၍ ကာကွယ်ပေးကြရန် စနေနေ့က တိုက်တွန်းခဲ့သည်။ တရုတ်၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဗြိတိန် အစရှိသည့် နိုင်ငံများအနေဖြင့် ထိုဒေသသို့ စစ်သင်္ဘောများ စေလွှတ်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုသည်။
မည်သို့သော အကူအညီမျိုးကို လိုလားသနည်းဟု မေးမြန်းရာတွင် ဒရုန်းများနှင့် ရေမြှုပ်မိုင်းများကို တုံ့ပြန်ရန်အတွက် မိုင်းရှင်းသင်္ဘောများနှင့် အခြားသော စစ်ရေးဆိုင်ရာ အင်အားစုများ ပါဝင်နိုင်ကြောင်း ထရမ့်ပ်က FT သို့ ပြောကြားခဲ့သည်။
”ကျွန်တော်တို့ သူတို့ကို အပြင်းအထန် ထိုးနှက်နေပါတယ်” ဟု အီရန်တပ်ဖွဲ့များကို ရည်ညွှန်း၍ ထရမ့်ပ်က ပြောသည်။ “သူတို့မှာ ရေလက်ကြားထဲမှာ ပြဿနာလေး နည်းနည်းရှာတာကလွဲလို့ ဘာမှမကျန်တော့ဘူး…။ ဒီနိုင်ငံတွေဟာ ရေလက်ကြားကို သုံးပြီး အကျိုးအမြတ်ရနေတဲ့သူတွေ ဖြစ်တဲ့အတွက် အဲဒီနေရာကို ထိန်းသိမ်းဖို့ ကျွန်တော်တို့ကို ကူညီသင့်တယ်”ဟု ယင်းကဆိုသည်။
လွန်ခဲ့သည့် နှစ်ပတ်ကျော်က အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် အီရန်သည် ဟော်မုဇ်ရေလက်ကြားကို ထိရောက်စွာ ပိတ်ဆို့ခဲ့သည်။ အီရန်နှင့် အိုမန်နိုင်ငံကြားရှိ အဆိုပါ ကျဉ်းမြောင်းသော ရေလမ်းကြောင်းသည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) စုစုပေါင်း၏ ငါးပုံတစ်ပုံခန့် ပုံမှန်ဖြတ်သန်းရာ နေရာဖြစ်သည်။
ထို့ပြင် ထရမ့်ပ်က အီရန်၏ အဓိက ရေနံတင်ပို့ရာ ဗဟိုချက်ဖြစ်သည့် ခါ့ဂ်ကျွန်း (Kharg Island) ကိုလည်း လိုအပ်ပါက အမေရိကန်တပ်ဖွဲ့များက ထပ်မံတိုက်ခိုက်နိုင်ကြောင်း သတိပေးခဲ့သည်။
”ကျွန်တော်တို့ အဲဒီနေရာကို ၅ မိနစ်အတွင်းမှာ တိုက်ခိုက်နိုင်တယ်။ သူတို့ဘက်က ဘာမှ ပြန်လုပ်နိုင်မှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
ဗြိတိန်ဝန်ကြီးချုပ် ကား စတားမာ (Keir Starmer) နှင့် စကားပြောဆိုပြီးနောက်တွင်လည်း ထရမ့်ပ်က ဗြိတိန်၏ တုံ့ပြန်မှုကို ဝေဖန်ခဲ့သည်။
”ယူကေဟာ နံပါတ်တစ် မဟာမိတ်လို့ သတ်မှတ်ခံရကောင်း ခံရနိုင်တယ်… ။ ဒါပေမဲ့ ကျွန်တော် သူတို့ကို လာဖို့ပြောတဲ့အခါ သူတို့ မလာချင်ကြဘူး” ဟု ထရမ့်ပ်က Financial Times သို့ ပြောကြားခဲ့ပြီး၊ အမေရိကန်က အီရန်၏ စစ်ရေးစွမ်းရည်ကို လျှော့ချပြီးကာမှ ဗြိတိန်က သင်္ဘောများစေလွှတ်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။
