၁၆. ၃. ၂၀၂၆
Written by Nyein Kyaw ၊ Nay Yaung Lin
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ ၁၆ ရက် (ယနေ့) နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အဆောက်အအုံ၌ စတင်ကျင်းပလျက်ရှိပြီး ဒေါက်တာနန္ဒကျော်စွာက သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်၍ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခဲ့သည်။



ထိုသို့ ရွေးချယ်ရာတွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီ ရွေးချယ်တင်မြှောက်ခံရပြီး သဘာပတိ ဒေါက်တာနန္ဒကျော်စွာက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ လွှတ်တော်တာဝန်များကို လွှဲအပ်ခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားသွားမည်ဖြစ်သည်။ အလားတူ ဒုတိယဥက္ကဋ္ဌအဖြစ်မူ လက်ရှိအချိန် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးမောင်မောင်အုန်း ရွေးချယ်တင်မြှောက်ခံရသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော်သို့ ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ် ၂၆၃ ဦးနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး စုစုပေါင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
