၁၆. ၃.၂၀၂၆
Written by Thiri
ပုဇွန်တောင်ချောင်းအတွင်း သဲတင်တဲ့စက်လှေနဲ့ လက်ခတ်သမ္ဗာန် တိုက်မိရာက နှစ်ဦးဆေးရုံတင်ပို့ ကုသနေရပြီး တစ်ဦးပျောက်ဆုံးနေတဲ့ဖြစ်စဉ် မတ်လ ၁၄ ရက်နေ့ညက ဖြစ်ပွားခဲ့ပြီး ရုပ်အလောင်းကို ဖြစ်စေ လူကိုဖြစ်စေ တွေ့ရှိပါက အကြောင်းကြားပေးဖို့ မိသားစုက လူမှုကူညီရေးအသင်းထံ အကူအညီတောင်းခံထားတယ်လို့ သိရပါတယ်။
ဖြစ်စဉ်က မတ် ၁၄ ရက်နေ့ ည ၇ နာရီအချိန်ခန့်က ဒေါပုံမြို့နယ် ဝါဆိုမှာနေထိုင်သူ ဦးစန်းလွင် (၆၄) နှစ်က ဒေါပုံ သမ္ဗာန်ဆိပ်ကနေ တစ်ဖက်ကမ်း တောင်လုံးပြန်ဘက်ကို လူရွယ်နှစ်ဦးက ၎င်းရဲ့ သမ္ဗာန်ကို လှေစင်းလုံးငှားတာကြောင့် လိုက်လံပို့ဆောင်စဉ် သဲစုပ်တဲ့စက်လှေနဲ့ ပွတ်တိုက်မိတာကြောင့် သမ္ဗာန်မှောက်သွားခဲ့တယ်လို့ သိရပါတယ်။
အောင်ရဲသူ လူမှုကူညီရေးအသင်း တာဝန်ရှိသူက “သဲစက်လှေက မကူညီဘူး။ ဆက်မောင်းသွားတယ်တဲ့။ ချောင်းစပ်က အိမ်တွေက မြင်လို့ တံငါလှေနဲ့ သွားကယ်တာမှာ ခရီးသည်နှစ်ယောက်ကယ်နိုင်ပြီး သမ္ဗာန်ခတ်တဲ့ ဦးလေး ပျောက်နေတာ”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ပုဇွန်တောင်ချောင်း တစ်နေရာရာမှာ အလောင်းတွေ့ရှိခဲ့လျှင် သော်လည်းကောင်း၊ အသက်ရှင်လျှက် ရှိနေပါသေးလျှင်သော်လည်းကောင်း တွေ့ရှိပါက အောင်ရဲသူလူမှုကူညီရေးအသင်း ဖုန်း 09444211433 ကိုဆက်သွယ်အကြောင်းကြာပေးကြပါရန် မိသားစုဝင်တွေရဲ့ ဆန္ဒအရ အသင်းက မေတ္တာရပ်ခံ ပေးထားပါတယ်။
