၁၆.၃.၂၀၂၆
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒက္ကာ အတ်တာရာရပ်ကွက်မှာရှိတဲ့ ဈေးဝယ်စင်တာတစ်ခုရှေ့မှာ မတ်လ ၁၅ ရက် ညသန်းခေါင်ကျော်ချိန်မှစလို့ လန်ချားဆွဲသူအများအပြား စုဝေးဝိုင်းရံကာ ဈေးဝယ်စင်တာရဲ့ အထပ်များစွာကို ဖျက်ဆီးခဲ့ကြတဲ့ အကြမ်းဖက်မှုတစ်ရပ် ဖြစ်ခဲ့ရပါတယ်။
ဒက္ကာမြို့၊ အတ်တာရာ ရပ်ကွက် အမှတ် (၁၃) ရှိ Sonargaon Janapath လမ်းပေါ်က Uttara Square ဈေးဝယ်စင်တာရှေ့မှာ ကားပါကင် အငြင်းပွားမှုကြောင့် လန်ချားဆွဲသူတစ်ဦး မတ်လ ၁၅ ရက်နှောင်းပိုင်းက သေဆုံးခဲ့တယ်ဆိုမှုကနေ လန်ချားဆွဲသူရာပေါင်းများစွာက ဈေးဝယ်စင်တာကို ဝိုင်းရံပြီး အထပ်တွေကို ဖျက်ဆီးခဲ့ကြတာပါ။
အငြင်းပွားမှုဖြစ်ပြီး မကြာမီမှာပဲ လန်ချားဆွဲသူ ရာပေါင်းများစွာဟာ စုဝေးလာကာ ဈေးဝယ်စင်တာကို ဝိုင်းရံပြီး လန်ချားဆွဲသူသေဆုံးမှုကို လူသတ်မှုဟု စွပ်စွဲကြကာ ၎င်း၏အလောင်းကို အဆောက်အအုံအတွင်း ဝှက်ထားတယ်လို့ စွပ်စွဲချက်တွေ ပျံ့နှံ့လာခဲ့ပြီးနောက်မှာတော့ သူတို့က တရားမျှတမှုကို တောင်းဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။ အပြင်ဘက်ရှိ လူအုပ်ကြီးက ဈေးဝယ်စင်တာကို အုတ်ခဲတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
ဆူပူမှုတွေဟာ နှစ်နာရီကျော်ကြာ ဆက်လက်ဖြစ်ပွားနေပြီး အတ်တာရာ ရပ်ကွက် အမှတ် (၁၃) အပါအဝင် အနီးနားရှိ လူနေရပ်ကွက်တွေမှာ နေထိုင်သူတွေကြား ထိတ်လန့်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။
အခြေအနေကို ထိန်းချုပ်ဖို့ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ လူအုပ်ကို ဥပဒေစိုးမိုးရေးအေဂျင်စီတွေက လူစုခွဲဖို့ ကြိုးစားတဲ့အခါ ဒေသခံတွေနဲ့ ပဋိပက္ခတွေ အဆင့်ဆင့် ဖြစ်ပွားလာခဲ့ပါတယ်။ နောက်ဆုံး မတ်လ ၁၆ ရက် မနက် ၃ နာရီခွဲခန့်မှာတော့ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒက္ကာမြို့တော်ရဲတပ်ဖွဲ့ ပူးတွဲရဲမင်းကြီး ဝါဟီဒူး အစ္စလာမ်က “လူတစ်ဦး ပျောက်ဆုံးနေတယ်လို့ သူ့ဆီကိုသတင်းပို့ထားကြပေမယ့် အမည်နဲ့လိပ်စာကို အတည်မပြုကြသေးဘူး၊ ဖြစ်ရပ်မှာ CCTV မှတ်တမ်းတွေကို စစ်ဆေးပြီး အတည်ပြုသွားမှာပါ၊ စစ်တပ်နဲ့ ရဲတွေက အဆောက်အအုံထဲမှာ ရှာဖွေခဲ့ပေမယ့် အခုအချိန်အထိ ဘာမှမတွေ့ရှိခဲ့သေးဘူး၊ အခင်းဖြစ်ပွားရာနေရာမှာ နောက်ထပ်ရဲတွေလည်း ချထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Ref-Dhaka Tribune
