၁၆ .၃. ၂၀၂၆
Written by Thiri
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့မှာ အခုမတ်လ ဒုတိယအပတ်ထဲမှာ နှစ်ရက်အတွင်း မြေမြုပ်မိုင်းထိလူနာ နှစ်ဦးကို နယ်မြေခံလူမှုကူညီရေးအသင်းက ပြင်ဦးလွင် ဆေးရုံကြီသို့ ပို့ဆောင်ကူညီပေးခဲ့ရတယ်လို့ သိရပါတယ်။
မနေ့က မတ်လ ၁၅ ရက်နေ့ မနက်ပိုင်းက နောင်ချိုမြို့၊ နောင်လင်း ညဏ်တော်ရပ်နေ လူလတ်ပိုင်းအရွယ် ကိုရန်မျိုးအောင်ဟာ ယာခင်းထဲ ဂွန်ဒေါင်းပေါ် ကြံတင်ရင်း မိုင်းနင်းမိလို့ ဘယ်ခြေတစ်ဖက် ပြတ်တောက်သွားခဲ့ပါတယ်။ လူနာကို နောင်ချိုမြို့ ပြည်သူ့ဆေးရုံကနေ ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးဆီ လွှဲပြောင်းပေးတဲ့အတွက် လူမှုကူညီရေးအသင်းက အရေးပေါ်ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကလည်း နောင်ချိုမြို့ တောင်ခမ်း နားရှိုရပ်နေ အသက် ၅၀ ဝန်းကျင်ခန့် အမျိုးသမီးတစ်ဦး ယာခင်းရှိ ခြံတစ်ခြံမှာ ကြံခုတ်ရင်း မိုင်းနင်းမိလို့ ခြေတစ်ဖက်ပြတ်ကာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လူနာကို နောင်ချိုမြို့ ပြည်သူ့ဆေးရုံကြီးကနေ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးဆီ အရေးပေါ်ပို့ဆောင်ပေးရတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ပထမ (၉) လအတွင်း မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းများ (Explosive Ordnance – EO) ကြောင့် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကို စောင့်ကြည့်မှတ်တမ်းတင်ချက်တွေအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ရပ်ပေါင်း (၃၀၄) ခု ဖြစ်ပွားခဲ့ပြီး အရပ်သား ထိခိုက်ခံစားရသူ (၄၅၀) ဦး ရှိခဲ့တယ်လို့ ယူနီဆက်ဖ် မြန်မာရဲ့ သုတေသန အစီရင်ခံစာအရ သိရပါတယ်။
အဆိုပါ အစီရင်ခံစာမှာ ဖော်ပြထားချက်အရ ရှမ်းပြည်နယ်မှာ ဖြစ်ရပ်ပေါင်း (၁၂၅) ခု ဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးရဲ့ ၄၁ ရာခိုင်နှုန်း အထိရှိကာ ထိခိုက်ခံစားရသူ (၁၆၉) ဦးရှိခဲ့လို့ ဖြစ်ရပ်နဲ့ ထိခိုက်ခံစားရသူ အများဆုံးဒေသဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒုတိယအများဆုံးက ရခိုင်ပြည်နယ်မှာဖြစ်ပြီး မကွေးတိုင်းဒေသကြီးက တတိယအများဆုံးလို့ သိရပါတယ်။
