သက်တံ့
၁၆. ၃. ၂၀၂၆
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဩဒိဿ (Odisha) ပြည်နယ်ရှိ အစိုးရဆေးရုံတစ်ခု၏ ထိခိုက်ဒဏ်ရာ အထူးကြပ်မတ်ကုသဆောင်” (Trauma Centre ICU) တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံးခဲ့သည်။
သေဆုံးသူအားလုံးမှာ လူနာများဖြစ်ကြပြီး လူနာများကို ကယ်ဆယ်ရန် ကြိုးပမ်းစဉ်အတွင်း ဆေးရုံဝန်ထမ်း ၁၁ ဦးလည်း မီးလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ကုသမှုခံယူနေရကြောင်း ပြည်နယ်ဝန်ကြီးချုပ် မိုဟန် ချာရန် မာဂျီ (Mohan Charan Majhi) က ပြောကြားခဲ့သည်။
အဆိုပါ မီးလောင်မှုသည် လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ရာမှ စတင်ခဲ့သည်ဟု သံသယရှိရပြီး ကတ်တက် (Cuttack) မြို့ရှိ SCB ဆေးကောလိပ်နှင့် ဆေးရုံ၏ ထိခိုက်ဒဏ်ရာ အထူးကြပ်မတ်ကုသဆောင် (Trauma care ICU) တွင် ယနေ့ တနင်္လာနေ့ကူးစ ဒေသစံတော်ချိန် နံနက် ၂ နာရီခွဲခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် ဆေးရုံမီးလောင်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး အများစုမှာ လျှပ်စစ်ချို့ယွင်းချက်များကြောင့် ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလကလည်း ရာဂျက်စသန် (Rajasthan) ပြည်နယ်ရှိ ICU တစ်ခုတွင် မီးလောင်မှုကြောင့် စိုးရိမ်ရသည့် လူနာ ၆ ဦး သေဆုံးခဲ့ဖူးသည်။
၂၀၂၄ ခုနှစ်အတွင်းကလည်း မြောက်ပိုင်း ဂျန်ဆီ (Jhansi) မြို့ရှိ ဆေးကောလိပ်တစ်ခု၏ မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် မီးလောင်မှုကြောင့် အနည်းဆုံး မွေးကင်းစကလေးငယ် ၁၀ ဦး သေဆုံးခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ဝီရာ (Virar) မြို့ရှိ Vijay Vallabh ဆေးရုံ ICU ၌ မီးလောင်မှုဖြစ်ပွားရာ ကိုဗစ်-၁၉ လူနာ ၁၃ ဦး သေဆုံးခဲ့ပြီး ထိုနှစ်မှာပင် မဟာရဋ္ဌ (Maharashtra) ပြည်နယ်၊ ဘန်ဒါရာ (Bhandara) ခရိုင်ရှိ မွေးကင်းစကလေးပြုစုရေးဌာန မီးလောင်မှုတွင် ကလေးငယ် ၁၀ ဦး သေဆုံးခဲ့သည်။
ဩဒိဿပြည်နယ် မီးလောင်မှုတွင်မူ မီးသတ်တပ်ဖွဲ့ဝင်များ ဆေးရုံသို့ အချိန်မီရောက်ရှိလာပြီးနောက် မီးကို ထိန်းချုပ်နိုင်ခဲ့သည်။ လူနာများကို ဆေးရုံအတွင်းရှိ အခြားဌာနများသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
SCB ဆေးကောလိပ်နှင့် ဆေးရုံသည် ဩဒိဿပြည်နယ်ရှိ အကြီးဆုံး အစိုးရဆေးရုံများအနက် တစ်ခုဖြစ်သည်။
ဝန်ကြီးချုပ် မာဂျီက ဆေးရုံသို့ သွားရောက်ကြည့်ရှုပြီးနောက် သတင်းထောက်များကို ပြောကြားရာတွင် မီးလောင်မှုကြောင့် Trauma care ICU သာမက ဘေးကပ်လျက်ရှိသော ICU နှင့် လူနာဆောင်များပါ ထိခိုက်ခဲ့ကြောင်း ဆိုသည်။
ဆေးရုံဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများသည် ကယ်ဆယ်ရေးလုပ်ငန်းများအတွင်း ၎င်းတို့၏ အသက်ကို ရင်းခဲ့ကြကြောင်းနှင့် အချို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအားလုံးကို ထိရောက်စွာ ကုသပေးရန် တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း မာဂျီက ဖြည့်စွက်ပြောကြားခဲ့သည်။
ပြည်နယ်အစိုးရက သေဆုံးသူများ၏ မိသားစုများအတွက် ငွေကြေးထောက်ပံ့မှုပေးရန် ကြေညာထားသည်။ ထို့အပြင် ဖြစ်စဉ်နှင့်ပတ်သက်၍ တရားစီရင်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အမိန့်ပေးထားပြီး တာဝန်ရှိသူ မည်သူ့ကိုမဆို ပြင်းထန်စွာ အရေးယူမည်ဟု မာဂျီက ပြောကြားခဲ့သည်။
လျှပ်စစ်ဝါယာရှော့ဖြစ်ခြင်းသည် အိန္ဒိယရှိ ဆေးရုံမီးလောင်မှုများ၏ အဖြစ်အများဆုံး အကြောင်းရင်းများတွင် ပါဝင်သည်။ ဆေးရုံများတွင် လျှပ်စစ်ပစ္စည်းများ၊ အောက်ဆီဂျင်စနစ်များနှင့် အရေးပေါ်အခြေအနေတွင် လျင်မြန်စွာ မရွှေ့ပြောင်းနိုင်သည့် လူနာများရှိနေခြင်းကြောင့် မီးဘေးအန္တရာယ် စိုးရိမ်ရမှု ပိုမိုမြင့်မားလေ့ရှိသည်။
Ref : BBC
