၁၆.၃.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က အရှေ့အလယ်ပိုင်းဒေသမှထွက်ရှိတဲ့ ရေနံအပေါ် အလွန်အမင်း မှီခိုနေရတဲ့ နိုင်ငံခုနစ်နိုင်ငံခန့်ကို ရေနံတင်သင်္ဘောများဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကို ထိန်းသိမ်းဖို့အတွက် စောင့်ကြည့်ရေးမဟာမိတ်အဖွဲ့တစ်ခုမှာ ပါဝင်ကြဖို့ တောင်းဆိုခဲ့တယ်လို့ မတ်လ ၁၅ ရက်က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်သမ္မတ ထရမ့်ပ်က မဟာဗျူဟာကျတဲ့ ဟော်မုဇ် ရေလက်ကြား ရေလမ်းကြောင်းကိုကာကွယ်ဖို့ ညှိနှိုင်းနေတဲ့ နိုင်ငံတွေကို ဖော်ပြဖို့ ငြင်းဆိုခဲ့ပါတယ်။ ကမ္ဘာ့ရေနံကုန်သွယ်မှုရဲ့ ငါးပုံတစ်ပုံခန့်ဟာ ဟော်မုဇ် ရေလက်ကြား ရေလမ်းကြောင်းမှတစ်ဆင့် ဖြတ်သန်းတင်ပို့နေကြတာလည်းဖြစ်ပါတယ်။
ဖလော်ရီဒါပြည်နယ်မှ ဝါရှင်တန်မြို့တော်သို့ Air Force One လေယာဉ်ဖြင့် ပြန်လာချိန် သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခိုက်မှာ ထရမ့်ပ်က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ရေလက်ကြား ကာကွယ်မှုအတွက် အစိုးရအဖွဲ့နဲ့ ဆွေးနွေးနေတဲ့ နိုင်ငံတွေရဲ့ အမည်ကိုပြောဖို့တော့ သမ္မတက ငြင်းဆိုခဲ့ပါတယ်။
ထရမ့်ပ်က “ဒီနိုင်ငံတွေအဖို့ ဟော်မုဇ်ရေလက်ကြားက သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေပါ။ ဒါကြောင့် သူတို့အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေကို ကာကွယ်ဖို့ ဝင်ရောက်ဆောင်ရွက်ကြဖို့ ကျွန်တော် တောင်းဆိုနေပါတယ်”လို့ ရေလက်ကြားအကြောင်း ပြောကြားခဲ့ပြီး အရေးကြီးသော သင်္ဘောလမ်းကြောင်းသည် အမေရိကန်ပြည်ထောင်စုလိုအပ်တဲ့ ရေနံကို ရယူနိုင်မှုအတွက် လိုအပ်တဲ့အရာ မဟုတ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် သူက တရုတ်နိုင်ငံဟာ သူ့နိုင်ငံအတွက်လိုတဲ့ ရေနံရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ရေလက်ကြားဒေသမှ ရယူနေရပြီး အမေရိကန်ပြည်ထောင်စုအဖို့တော့ အနည်းဆုံးပမာဏကိုသာ ရယူနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်သူက တရုတ်နိုင်ငံဟာ ရေလက်ကြားစောင့်ကြည့်ရေး မဟာမိတ်အဖွဲ့မှာ ပါဝင်မလားဆိုတာ ဆွေးနွေးဖို့ သူက ငြင်းဆိုခဲ့ပါတယ်။
“တခြားနိုင်ငံတွေက ကျွန်တော်တို့နဲ့အတူ ဒါကို စောင့်ကြည့်ပေးရင် ကောင်းမှာပဲ။ ကျွန်တော်တို့လည်း ကူညီပါ့မယ်။ ကျွန်တော်တို့လည်း သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ပါမယ်” လို့ ထရမ့်ပ်က ပြောပါတယ်။ အရင်က တရုတ်၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဗြိတိန်နိုင်ငံတွေကို ပန်ကြားခဲ့ဖူးပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘားစ် အရတ်ဖ်ချီက CBS ကို ပြောကြားရာမှာ အီရန်ကို နိုင်ငံအများအပြားက သူတို့ရဲ့ သင်္ဘောတွေ ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းခွင့်အတွက် ချဉ်းကပ်ခဲ့ကြပြီး ဒါက ကျွန်တော်တို့ စစ်တပ်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်လို့ ပြောခဲ့ပါတယ်။
သူက နိုင်ငံတချို့က သင်္ဘောတွေပါတဲ့ သင်္ဘောအုပ်စုတစ်စုကို ဖြတ်သန်းခွင့်ပြုခဲ့တာလို့ ပြောပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။
အီရန်က ဒီရေလက်ကြားဟာ အမေရိကန်နဲ့ မဟာမိတ်တွေအတွက်ကလွဲလို့ အားလုံးအတွက် ဖွင့်လှစ်ထားတယ်လို့ ပြောပါတယ်။
ဆက်လက်ပြီး အရတ်ဖ်ချီက “စစ်ပွဲကို အဆုံးသတ်ဖို့ နည်းလမ်းရှာဖွေရာမှာ အမေရိကန်တွေနဲ့ ဆွေးနွေးသင့်တဲ့ အကြောင်းပြချက် တစ်စုံတစ်ရာကိုမှ ကျွန်တော်တို့ မမြင်ပါဘူး”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့ဟာ အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေတုန်းမှာပဲ ဖေဖော်ဝါရီ ၂၈ ရက်မှာ တိုက်ပွဲကို စတင်ခဲ့တာလို့ ထောက်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုများအပြီး အပျက်အစီးများအောက်မှာ ရှိနေတဲ့ ယူရေနီယမ် သန့်စင်မှုလုပ်ငန်းကို အီရန်အစိုးရက ပြန်လည်ရယူဖို့ အစီအစဉ်မရှိဘူးလို့လည်း သူက ပြောကြားခဲ့ပါတယ်။
Ref-Politico
