သက်တံ့
၁၆. ၃. ၂၀၂၆
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရဲတပ်ဖွဲ့သည် နိုင်ငံအတွင်း ‘စစ်ပွဲရုပ်သံဖိုင်များ’ မျှဝေခဲ့မှုဖြင့် ဖမ်းဆီးထားသူ ၂၅ ဦး၏ ရာဇဝတ်မှတ်တမ်းဓာတ်ပုံ (Mugshots) များကို ယနေ့ ထုတ်ပြန်လိုက်သည်။
အီရန်ကို အမေရိကန်နှင့် အစ္စရေးတို့ ဖေဖော်ဝါရီ ၂၈ ရက်က စတင်တိုက်ခိုက်အပြီး အရှေ့အလယ်ပိုင်း ပဋိပက္ခများ ဆက်လက်အရှိန်မြင့်နေစဉ်အတွင်း အဆိုပါ နိုင်ငံသားမျိုးစုံပါဝင်သည့် ဖမ်းဆီးခံအုပ်စုသည် ဒစ်ဂျစ်တယ်ပလက်ဖောင်းများပေါ်တွင် ‘အများပြည်သူကို လမ်းမှားရောက်စေမည့် အကြောင်းအရာများ လွှင့်တင်မှု’ ဖြင့် အမြန်ဆုံး စစ်ဆေးစီရင်မည့် တရားရင်ဆိုင်မှုနှင့် ရင်ဆိုင်နေရသည်။
အဆိုပါ ဖြစ်စဉ်သည် ‘အီရန်က ပစ်ခတ်သောဒုံးကျည်များကို ဗီဒီယိုရိုက်ကူးမှု’ ဖြင့် အသက် ၆၀ အရွယ် ဗြိတိန်နိုင်ငံသားတစ်ဦး ဒူဘိုင်းအကျဉ်းထောင်တွင် ထောင်ဒဏ် ၂ နှစ် ကျခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
UAE အစိုးရသည် လူမှုကွန်ရက်စာမျက်နှာများကို တင်းကျပ်စွာ ကိုင်တွယ်လေ့ရှိပြီး ယခုစစ်ပွဲဖြစ်ပွားချိန်တွင်လည်း ‘လူထုအတွင်း ထိတ်လန့်တုန်လှုပ်မှု ဖြစ်စေသည့်’ သတင်းအချက်အလက် မျှဝေသူ မည်သူ့ကိုမဆို ထောင်ဒဏ်ချမှတ်မည်ဟု ခြိမ်းခြောက်ကာ တုံ့ပြန်ခဲ့သည်။ ပဋိပက္ခစတင်သည့်ရက်ပိုင်းအတွင်း ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှု ဗီဒီယိုများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော်လည်း ယခုအခါ ထိုဗီဒီယိုများမှာ ပျောက်ကွယ်သွားပြီး ဒူဘိုင်းအစိုးရကို ချီးကျူးသည့် ပို့စ်များစွာနှင့် အစားထိုးခံလိုက်ရသည်။
ယမန်နေ့ကလည်း အိုမန်ပင်လယ်ကွေ့ရှိ အရေးကြီးသော ရေနံစက်ရုံတစ်ခု ပစ်မှတ်ထားခံရသလို ယနေ့မွန်းလွဲပိုင်းတွင်လည်း နောက်ထပ်တိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားနိုင်ခဲ့သော်လည်း UAE သည် အီရန်ဒုံးကျည်နှင့် ဒရုန်းများ၏ ပစ်မှတ်အောက်တွင် ဆက်ရှိနေဆဲဖြစ်သည်။ ထို့အတူ အာဏာပိုင်များသည် စစ်ပွဲဗီဒီယိုများ အွန်လိုင်းပေါ်သို့ မရောက်ရှိစေရန် အစွမ်းကုန် ကြိုးပမ်းနှိမ်နင်းလျက်ရှိသည်။
နောက်ဆုံးဖမ်းဆီးခံရသူ ၂၅ ဦးကို အုပ်စု ၃ စု ခွဲခြားထားသည်။ ပထမအုပ်စုမှာ အီရန် ပစ်ခတ်သော ဒုံးကျည်ကို ကြားဖြတ်ဟန့်တားသော ရုပ်သံအစစ်အမှန်များကို လွှင့်တင်ဖြန့်ဝေသူများ။ ဒုတိယအုပ်စုမှာ AI (ဉာဏ်ရည်တု) ဖြင့် ဖန်တီးထားသော သို့မဟုတ် UAE ပြင်ပတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှု ဗီဒီယိုများကို ပုံမှားရိုက် လွှင့်တင်သူများနှင့် တတိယအုပ်စုမှာမူ ‘ရန်လိုသောနိုင်ငံကို ဂုဏ်ပြုသည့်’ အကြောင်းအရာများ လွှင့်တင်သူများဟု ခွဲခြားကာ အရေးယူမည်ဖြစ်သည်။
ယူအေအီးရှေ့နေချုပ် ဒေါက်တာ ဟာမက် ဆာအစ် အယ်လ် ရှမ်ဆီ (Dr. Hamad Saif Al Shamsi) က ထိုရုပ်သံများသည် လူထုကို စိုးရိမ်ထိတ်လန့်စေရန်ရည်ရွယ်ခြင်းဖြစ်ပြီး နိုင်ငံ၏ ကာကွယ်ရေး စွမ်းဆောင်ရည်ကို ပေါက်ကြားစေခြင်းနှင့် အမှားအယွင်းသတင်းများကို အားပေးခြင်း ဖြစ်စေသည်ဟု ဆိုသည်။
စနေနေ့ (မတ် ၁၄ ရက်) က ထွက်ပေါ်လာသော သတင်းများအရ ဒရုန်း သို့မဟုတ် ဒုံးကျည်တိုက်ခိုက်မှုများကို ရိုက်ကူးခြင်းကြောင့် ဖမ်းဆီးခံရသူ ၁၀၀ ခန့် ရှိနေပြီဖြစ်သည်။ အဘူဒါဘီ (Abu Dhabi) ရဲတပ်ဖွဲ့က ၄၅ ဦးကို ဖမ်းဆီးခဲ့ပြီး ဒူဘိုင်း (Dubai) တွင် ဗြိတိန်ခရီးသွားအပါအဝင် အနည်းဆုံး ၂၁ ဦး ဖမ်းဆီးခံထားရသည်။
ဒူဘိုင်းရဲတပ်ဖွဲ့က “ကောလာဟလများ၊ သတင်းမှားများ သို့မဟုတ် တရားဝင်ထုတ်ပြန်ချက်နှင့် ဆန့်ကျင်ပြီး လူထုကို ထိတ်လန့်စေမည့် အကြောင်းအရာများ မျှဝေခြင်းကို တားမြစ်ထားသည်။ ချိုးဖောက်သူများသည် ထောင်ဒဏ်အပြင် အနည်းဆုံး ဒိုင်ဟမ် ၂၀၀,၀၀၀ (ဗြိတိန်ပေါင် ၄၁,၀၀၀ ခန့်) ဒဏ်ငွေ ချမှတ်ခံရနိုင်သည်” ဟု သတိပေးထားသည်။
ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ အီရန်က အမေရိကန်ပစ်မှတ်များကို လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်လာစဉ်အတွင်း လန်ဒန်မြို့သား အသက် ၆၀ အရွယ် အမျိုးသားမှာ ဗီဒီယိုရိုက်ကူးမှုဖြင့် Bur Dubai ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ ၎င်းက ဗီဒီယိုကို ဖျက်ပစ်ခဲ့သော်လည်း အရေးယူခံခဲ့ရခြင်းဖြစ်သည်။
တစ်ချိန်က အခွန်လွတ် နိဗ္ဗာန်ဘုံအဖြစ် ကျော်ကြားခဲ့သော ဒူဘိုင်း၏ ပုံရိပ်သည် ယခုအခါ အက်ကြောင်းထင်လာခဲ့သည်။ ခရီးသွားများပြားလေ့ရှိသော Jumeirah Beach ကမ်းခြေမှာ လူသူကင်းမဲ့နေပြီး ဗြိတိန်နိုင်ငံသား ၆၃,၀၀၀ ကျော် နေရပ်ပြန်သွားခဲ့ကြပြီဖြစ်သည်။
သို့သော် ဒူဘိုင်းတွင် ကျန်ရှိနေသေးသည့် ချမ်းသာသော Influencer အချို့ကမူ နေရပ်ပြန်သွားသူများကို ‘ကျေးဇူးမသိသူများ’ နှင့် ‘ဆင်းရဲသားများ’ (brokies) ဟု လှောင်ပြောင်နေကြသည်။ TikTok influencer တစ်ဦးဖြစ်သူ Mitchell Armstrong က “ငါ့အတွက် ဘာမှမပြောင်းလဲဘူး။ မင်းတို့တွေ ဗုံးတွေလာလို့ဆိုပြီး ထွက်ပြေးနေချိန်မှာ ငါတို့က ပိုက်ဆံတွေ ပိုတောင်ရသေးတယ်” ဟု ဆိုကာ ၎င်း၏ ဒေါ်လာ ၂ ဒသမ ၁ သန်းတန် တိုက်ခန်းမှနေ၍ လှောင်ပြောင်ခဲ့သည်။
အလားတူ Soudi အမည်ရှိ influencer ကလည်း “ဒူဘိုင်းက အရမ်းအေးချမ်းနေတုန်းပဲ။ ထွက်သွားချင်တဲ့သူတွေ ထွက်သွားကြ။ သူတို့က ကျေးဇူးမသိတဲ့သူတွေပါ” ဟု ပြောဆိုခဲ့သည်။
Ref : Daily Mail





