သက်တံ့
၁၆. ၃. ၂၀၂၆
ထိုင်းနိုင်ငံ၏ ကမ်းခြေမြို့တော် ပတ္တရား၏ နာမည်ကျော် လျှောက်လမ်း (Walking Street) တွင် တနင်္ဂနွေနေ့ ညနက်ပိုင်းက နိုင်ငံခြားသား ၂၀ ကျော် စုဝေးကာ ခိုက်ရန်ဖြစ်ပွားရန် ပြင်ဆင်နေမှုကြောင့် ကမ္ဘာလှည့်ခရီးသွားများကြား ထိတ်လန့်တုန်လှုပ်မှု ဖြစ်ပွားခဲ့ပြီးနောက်၊ ရဲတပ်ဖွဲ့က ရွှေ့ပြောင်းလုပ်သား ၉ ဦးကို ဖမ်းဆီးလိုက်သည့်အပြင် လက်နက်များ သိမ်းဆည်းရမိခဲ့သည်။
ချွန်ဘူရီပြည်နယ်၊ ဘန်လမွန်ခရိုင်၊ နောင်ပရူးမြို့နယ်၊ ပတ္တရားတောင်ပိုင်းရှိ Walking Street ပေါ်မှ Siam Bayshore ဟိုတယ်ရှေ့တွင် လူစုလူဝေးဖြင့် ခိုက်ရန်ဖြစ်ပွားရန် ကြံစည်နေကြောင်း သတင်းရရှိသဖြင့် မတ် ၁၅ ရက် ည ၁၁ နာရီ ၄၆ မိနစ်တွင် ပတ္တရားမြို့မရဲစခန်းမှ ရဲမှူး ချောင်ဝလစ် ဆူဝန်မဏီ ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့နှင့် မြို့တော်စည်ပင်လုံခြုံရေးအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များ ရောက်ရှိချိန်တွင် ရွှေ့ပြောင်းလုပ်သား အုပ်စုကြီးတစ်ခုသည် ပြိုင်ဘက်အုပ်စုနှင့် ထိပ်တိုက်တွေ့ရန် စုဝေးနေသည်ကို တွေ့ရှိခဲ့ရသည်။ ရဲတပ်ဖွဲ့က အခြေအနေကို ထိန်းချုပ်ရန် ချက်ချင်းဝင်ရောက် ဆောင်ရွက်ခဲ့ပြီး သံသယရှိသူ ၉ ဦးကို ဖမ်းဆီးခဲ့ရာ ထိုအထဲတွင် မြန်မာနိုင်ငံသား ၂ ဦးနှင့် ကရင်အမျိုးသား ၃ ဦး ပါဝင်သည်။ ကျန်ရှိသူများ၏ လူမျိုးအမည်ကိုမူ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်သည်။
ရဲတပ်ဖွဲ့သည် ချွန်ထက်သော ဓားတစ်စင်းနှင့် ခေါက်ဓားတိုတစ်စင်းတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် ခရီးသွားများပြားပြီး ရှုပ်ထွေးနေသဖြင့် အချို့မှာ ဆိုင်ကယ်များဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။
ဖမ်းဆီးခံရသူများအနက် ထိုင်းစကား အနည်းငယ်ပြောနိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးက – ဘာလီဟိုင်းဆိပ်ကမ်း (Bali Hai Pier) အနီးရှိ “Blue Square” နေရာတွင် ယခင်က ဖြစ်ပွားခဲ့သော အငြင်းပွားမှုတစ်ခုကို ဖြေရှင်းရန်အတွက် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ကျော်သည် ပြိုင်ဘက်အုပ်စုနှင့် ချိန်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ဖြောင့်ချက်ပေးခဲ့သည်။
သို့သော် နှစ်ဖက်အုပ်စု စကားပြောဆို ဖြေရှင်းနေစဉ် ပတ္တရားအာဏာပိုင်များ ရောက်ရှိလာသဖြင့် ဖမ်းဆီးခံရတော့မည်ကို ထိတ်လန့်ကာ လူစုခွဲပြီး ဆိုင်ကယ်များဖြင့် ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း၊ ၎င်းမှာမူ ထွက်ပြေးရန် မမီတော့ဘဲ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါ သံသယရှိသူက ထွက်ဆိုသည်။
ရဲတပ်ဖွဲ့သည် ဖမ်းဆီးရမိသူများနှင့် လက်နက်များကို ဥပဒေအရ အရေးယူနိုင်ရန် ပတ္တရားမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသူများကိုလည်း ဆက်လက်ရှာဖွေနေကြောင်း သိရသည်။
Ref: Khaosod
