



၁၆.၃.၂၀၂၆
Written & Photo by Nay Yaung Lin
လွှတ်တော်ကိုယ်စားလှယ်များက ယုံကြည်စွာတာဝန်အပ်နှင်းသည့်အပေါ် အလေးအနက်ခံယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြည်သူ့လွှတ်တော်သို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှပေါ်ထွက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ် ၁၆ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရီကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းကိုလည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ” လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ ဒီနေ့ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးတဲ့အတွက် ပြည်သူ့တစ်ရပ်လုံးလိုလားတောင်းတတဲ့ ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ပြည်သူ့ဆန္ဒနဲ့ အညီ တတိယအကြိမ် ပြည်သူ့လွှတ်တော်ကြီး ပေါ်ပေါက်လာတဲ့ သမိုင်းမှတ်တမ်းတင် ဂုဏ်ယူစရာနေ့ တစ်နေ့လည်းဖြစ်ပါတယ်။ ကိုယ်စားလှယ်များက ကျွန်တော့်ကို ယုံကြည်စွာတာဝန်အပ်နှင်းတဲ့အပေါ် အလေးအနက်ခံယူပြီး ဒီတာဝန်ကို ကျေပွန်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများနဲ့အညီ အကောင်းဆုံးကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း အလေးအနက်ထား ကတိပြုအပ်ပါတယ် ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသို့ ပြောကြားသည့် နှုတ်ခွန်းဆက်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေဖြင့် သဘောထားကြီးခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ အပြန်အလှန်လေးစားခြင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့်အနာဂတ် ဖော်ဆောင်ပေးနိုင်မည်ဟု အလေးအနက် ယုံကြည်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက ဆက်လက်ပြောကြားခဲ့သည်။
“လွှတ်တော်ကိုယ်စားလှယ်ကြီးများ တစ်ဦးနဲ့ တစ်ဦး ရင်းရင်းနှီးနှီး၊ ချစ်ချစ်ခင်ခင်၊ ပွင့်ပွင့်လင်းလင်းနဲ့ ဒီမိုကရေစီကျင့်စဉ်အတိုင်း တက်ညီလက်ညီဖော်ဆောင်သွားကြပါစေလို့လည်း ဆုတောင်းပါတယ်။ ဒါ့အပြင် သဘောထားကြီးခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ အပြန်အလှန်လေးစားခြင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် အားလုံးနဲ့အတူ နိုင်ငံတော်နဲ့ ပြည်သူများအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ် တစ်နည်းပြောရရင် ပိုမိုခိုင်မာပြည်မြန်မာကြီးကို ဖော်ဆောင်ပေးနိုင်မယ်လို့ အလေးအနက် ယုံကြည်ပါကြောင်း ပြောကြားလိုပါတယ် ” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများကိုယ်စား မိမိကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ပေးကြသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ပြည်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပြီး ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါကြောင်း၊ မိမိဘ၀၏ တစ်သက်တာအမှတ်တရအဖြစ် ရင်ဝယ်လေးစားစွာ သိမ်းဆည်းထားပါကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက မိန့်ခွန်း၏ အစတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏အချုပ်အခြာအာဏာ သုံးရပ်နှင့် ဥပဒေပြုရေးမဏ္ဍိုင်သည် လွှတ်တော်၏အဓိကတာဝန်ဖြစ်ပြီး နိုင်ငံတော်အာဏာသုံးရပ်ကို တတ်နိုင်သမျှ ပိုင်ခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန်ထိန်းကျောင်းခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူကို ကိုယ်စားပြုခြင်းကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ဒီလိုဆောင်ရွက်တဲ့အခါမှာလည်း တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံရေးရည်မှန်းချက်၊ ခေတ်စနစ်အခြေအနေများနဲ့ ကိုက်ညီမှုရှိစေရန် ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြဋ္ဌာန်းချက်တို့ကိုလည်း ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူက ရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်တာနဲ့အညီ ပြည်သူများနဲ့ ထိတွေဆွေးနွေးပြီး ပြည်သူ့အသံ၊ ပြည့်သူဆန္ဒများနဲ့အညီ ပြည်သူ့ကိုယ်စားဖော်ဆောင်ပေးရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်သကဲ့သို့ နိုင်ငံတော်နဲ့ ပြည်သူကောင်းကျိုးတွေအတွက် လွှတ်တော်ရဲ့ ဆောင်ရွက်ချက်များကိုလည်းပြည်သူများနားလည်သဘောပေါက်စေရန် ပြန်လည်မျှဝေပေးရမှာ ကိုယ်စားလှယ်များရဲ့ တာဝန်ပဲဖြစ်ပါတယ် ” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။
ယင်းနောက် မိန့်ခွန်း၏ နိဂုံးချုပ်အနေဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက အချုပ်အားဖြင့် မိမိတို့လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်သည့်နေရာတွင် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုပြီး အချင်းချင်းစည်းလုံးညီညွှတ်စွာဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရင် နိဂုံးချုပ်ပါကြောင်း ပြောကြားခဲ့သည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့တွင် သဘာပတိတင်မြှောက်ခြင်း၊ သဘာပတိ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးခြင်း၊ သဘာပတိက နှုတ်ခွန်းဆက်စကား ပြောကြားခြင်းများပြုလုပ်ခဲ့ပြီး သဘာပတိမှ ပြည်သူ့လွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခဲ့ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ် လက်မှတ်ရေးထိုးခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်က ဥက္ကဋ္ဌလောင်း အမည်စာရင်းတင်သွင်းခဲ့ပြီး ဇေယျာသီရီ မဲဆန္ဒနယ်မှ ဦးခင်ရီတစ်ဦးတည်းကိုသာ တင်သွင်းခဲ့ပြီး ဦးခင်ရီသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရကာ ဒုတိယဥက္ကဋ္ဌလောင်းအတွက် အမည်စာရင်းတင်သွင်းရာတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်းကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်သူ့လွှတ်တော်က ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့က သဘာပတိရှေ့တွင် ကတိသစ္စာပြုခြင်း၊ လက်မှတ်ထိုးခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာပတိမှ လွှတ်တော်ဥက္ကဋ္ဌထံသို့ တာဝန်များလွှဲအပ်ပေးခဲ့ကြောင်း သိရသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၂၆၃) ဦးနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၁၀) ဦး၊ စုစုပေါင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (၃၇၃) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
