

နေမိုး
၁၆. ၃. ၂၀၂၆
နေအိမ်တွင် အိပ်ပျော်နေသည့် သားအဖကို ပဲခူး PDF များ လာရောက်သတ်ဖြတ်ရာမှ ဖခင်ဖြစ်သူ ပွဲချင်းပြီးသေဆုံးကာ သားငယ်ဒဏ်ရာရမှု မင်းလှမြို့နယ်တွင်ဖြစ်ပွားခဲ့သည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ မတ် ၁၄ ရက် နံနက် ၇ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဘုရားကွင်းကျေးရွာနေ ဦးရဲထွန်း(၄၇)နှစ်သည် ၎င်း၏သားဖြစ်သူ မောင်ရဲထက်ကျော်(၈)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား ၅ ဦးခန့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးရဲထွန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်ရဲထက်ကျော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မင်းလှမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ပဲခူးတိုင်းသည် ရပ်ကျေး အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများကို PDF များက သတ်ဖြတ်မှုများပြားသော တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း ကျူးလွန်သူများကို ဖမ်းဆီးရမိမှု မရှိသလောက်နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
