၁၆.၃.၂၀၂၆
Written by Nay Yaung Lin
ဖယ်ဒရယ် ဒီမိုကရေစီသို့ သွားမည်ဖြစ်သည့်အတွက် ၂၀၀၈ အခြေခံဥပဒေထဲမှ ပြင်သင့်ပြင်ထိုက်သည်များကို ပြင်ရန်ရှိကြောင်း ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မတ် ၁၆ ရက်တွင် ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးအပြီးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအား ဖြေကြားချိန် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းမရှိလျှင်ရုပ်သိမ်းခွင့်ဥပဒေ (Right To Recall) ကို မိမိစတင် အဆိုတင်မည်ဖြစ်ကြောင်းလည်း ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဖြေကြားခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ” ဦးစားပေးအနေနဲ့ ဖယ်ဒရယ် ဒီမိုကရေစီကို သွားမှာဖြစ်တဲ့အတွက်ကြောင့် အခြေခံဥပဒေထဲမှာ ပြင်သင့်ပြင်ထိုက်တာတွေ ပြင်ဖို့ရှိပါတယ်။ ၂၀၁၀ တုန်းကလည်း အခြေခံဥပဒေကို မပြင်ခဲ့ဘူး။ ၂၀၁၅ NLD ခေတ်မှာလည်း အခြေခံဥပဒေကို မပြင်ခဲ့ဘူး။ မတို့မထိခဲ့ဘူး။ ကျွန်တော်တို့ ဖယ်ဒရယ် ဒီမိုကရေစီကို သွားမယ်ဆိုတာ တပ်မတော်ကလည်း သဘောတူထားတယ်။ အာဏာရ USDP ပါတီကလည်း သဘောတူထားတယ်။ နောက်ပြီး အတိုက်အခံတွေကလည်း သဘောတူတယ်။ EAO တွေကလည်း သဘောတူထားတယ်။ ပုဒ်မ ၂၆၁ လို တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကို တိုင်းဒေသကြီးလွှတ်တော်က ရွေးကောက်တင်မြှောက်နိုင်တဲ့ အခင်းအကျင်းမျိုးကို လွှတ်တော်ထဲမှာပဲ ၇၅ ရာခိုင်နှုန်းရဲ့ ထောက်ခံချက်နဲ့ ပြင်လို့ရတဲ့အနေအထားတွေ ဆောင်ရွက်လာလိမ့်လို့ ကျွန်တော်မျှော်လင့်တယ် ” ဟု သတင်းမီဒီယာများသို့ ဖြေကြားခဲ့သည်။
ဆက်လက်၍ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ အလုပ်လုပ်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းမရှိလျှင် ရုပ်သိမ်းခွင့်ဥပဒေကို ပြည်သူလွှတ်တော်တွင် အဆိုတင်ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားခဲ့သည်။
“ပြည်သူတွေအပေါ် အာမခံချက်ပေးနိုင်တာက ကျွန်တော်ကစပြီးတော့ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းမရှိရင် ရုပ်သိမ်းခွင့်ဥပဒေကို ကျွန်တော်အဆိုတင်မှာ။ အရည်အချင်းမရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်ခေါ်ပါ။ ဘာလို့လဲဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ ဒါမှလည်း အလုပ်လုပ်မှာ။ လွှတ်တော်ကိုယ်စားလှယ် အလုပ်လုပ်မှာလည်း ဒေသက ဖွံ့ဖြိုးမှာ၊ တိုးတက်မှာ” ဟု ဦးလှဆွေက ပြောကြားခဲ့သည်။
ထို့ပြင် လွှတ်တော်စတင်ကျင်းပခြင်းသည် မြန်မာ့နိုင်ငံရေး၏ ခြေလှမ်းသစ်ဟု ပြောနိုင်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ဦးခင်ရီ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းသည် လှပသည့် အခင်းအကျင်းဖြစ်လာလိမ့်မည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက သုံးသပ်ပြောကြားခဲ့သည်။
“ဒါကတော့ ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးရဲ့ ခြေလှမ်းသစ်လို့ ပြောရမှာပါ။ ကျွန်တော်တို့ USDP ပါတီ ဥက္ကဋ္ဌက လွှတ်တော်ဥက္ကဋ္ဌဖြစ်သွားတယ်ဆိုတာ လွှတ်တော်ဆိုတာက အစိုးရကို ထိန်းကျောင်းမဲ့အဖွဲ့ပေါ့နော်။ အစိုးရကို ထိန်းကျောင်းမဲ့အဖွဲ့ရဲ့ ခေါင်းဆောင်သည် ကျွန်တော်တို့ USDP ပါတီဥက္ကဋ္ဌကြီးဖြစ်သွားတဲ့အတွက်ကြောင့် ဒါက တော်တော်လေးလှပတဲ့ အခင်းအကျင်းဖြစ်လာလိမ့်လို့ ကျွန်တော်တို့ မျှော်လင့်တယ် ” ဦးလှဆွေက ပြောကြားခဲ့သည်။
လွှတ်တော်ပေါ်ပေါက်လာပြီဖြစ်၍ ဒီမိုကရေစီလမ်းကြောင်းအတိုင်း သွားသည်ဟု ပြောနိုင်ပြီး USDP ၏ ပထမအကြိမ် ၂၀၁၀ -၂၀၁၅ ကာလ အနေအထားထက် မလျော့သော တိုးတက်ဖွံ့ဖြိုးမှု ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုလည်း မကြာခင် ချုပ်ငြိမ်းသွားမည်ဟု မိမိမျှော်လင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားခဲ့သည်။
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဦးလှဆွေသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ကိုယ်စားပြု၍ ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲအနိုင်ရခဲ့ကြောင်း သိရသည်။
