
၁၆. ၃. ၂၀၂၆
Written by Nyein Kyaw
စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့စနစ်ဖြင့် ဆန်ရောင်းချမှုကို မတ်လ ၁၇ ရက်(မနက်ဖြန်)မှ စတင်၍ ယာယီရပ်နားထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ယနေ့တွင် အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်း၍ ဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် စားသုံးသူများထံသို့ အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ဆန်များရောင်းချပေးလျက်ရှိရာ ယနေ့အထိ စားသုံးသူများထံသို့ စုစုပေါင်းဆန်အိတ် ၁,၁၆၁ အိတ်ကို ပေးပို့ရောင်းချခဲ့ပြီးဖြစ်သည်။
ယခုအခါ ကမ္ဘာနှင့်အဝှမ်းဖြစ်ပေါ်လျက်ရှိသည့် စက်သုံးဆီအခြေအနေများအရ Home Delivery ကို အချိန်နှင့်အညီ ပေးပို့ရန်အခက်အခဲရှိပါသောကြောင့် လက်ရှိငွေပေးသွင်းထားသည့် စားသုံးသူများနှင့် အမှာစာပေးပို့ထားသည့် စားသုံးသူများထံသို့သာ ဆက်လက်ဖြန့်ဖြူး ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
၂၀၂၆ ခုနှစ် မတ်လ ၁၇ ရက်နေ့ (မနက်ဖြန်)မှ စတင်၍ အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ဆန်ဖြန့်ဖြူးရောင်းချသည့် အစီအစဉ်ကို ယာယီရပ်နားထားမည်ဖြစ်ကြောင်းနှင့် ပြန်လည်ဆောင်ရွက်မည့် အစီအစဉ်ကို ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ရွှေဘိုပေါ်ဆန်းအပါအဝင် ဆန်အမျိုးအစား ၅ မျိုးအား အိမ်အရောက်ပို့စနစ်ဖြင့် ပို့ဆောင်ရောင်းချပေးနေခြင်းဖြစ်သည်။ ယခုမတ်လအတွင်း အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချသည့် ဆန်ဈေးနှုန်းများမှာ ၂၄ ပြည်တစ်အိတ်လျှင် ရွှေဘိုပေါ်ဆန်း ၁၆၅,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း(ကြားပျံ) ၁၄၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း(နယ်စုံ) ၁၁၂,၀၀၀ ကျပ်၊ ရက်(၉၀) ၇၅,၀၀၀ ကျပ်နှင့် ဧည့်မ (၁၅ မှတ်) ၅၆,၀၀၀ ကျပ်ဖြစ်သည်။
