သက်တံ့
၁၆. ၃. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်၊ မယ်ချန်းခရိုင်အတွင်း ယမန်နေ့က မော်တော်ယာဉ်ဖြင့် လိုက်လံဖမ်းဆီးမှုတစ်ခုအတွင်း ခန့်မှန်းခြေ စိတ်ကြွရူးသွပ်ဆေးပြား ၃ သန်းခန့်ကို ထိုင်းအထူးတပ်ဖွဲ့ က သိမ်းဆည်းရမိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါ စစ်ဆင်ရေးကို မြန်မာ၊ လာအိုနှင့် ထိုင်းတို့ထိစပ်နေသော ရွှေတြိဂံဒေသ မူးယစ်ဆေးဆိုင်ရာများ စုံစမ်းထောက်လှမ်းဖမ်းဆီးသည့် ဖမောင်းတပ်ဖွဲ့ လက်အောက်ခံ အထူးတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ဆေးရေးဂိတ်ကို အရှိန်ပြင်းစွာဖြင့် ဝင်တိုက်မောင်းနှင်ကာ စိုက်ပျိုးရေးခြံတစ်ခုအတွင်း ထွက်ပြေး ထိုးဆင်းသွားသည့် သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကို လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များ၏ အဆိုအရ ဤစစ်ဆင်ရေးသည် တပ်မ (၃၁) ၏ တပ်မှူး Chakkaphong Sodsri ၏ ညွှန်ကြားချက်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းက မယ်ချန်းမြို့နယ်၊ ပါတုန်းကျေးရွာအုပ်စုရှိ ပါမြောင်ကျေးရွာဝန်းကျင်တွင် ရွေ့လျားစစ်ဆေးရေးဂိတ်များနှင့် လမ်းပိတ်ဆို့မှုများ ပြုလုပ်ရန် တပ်ဖွဲ့များကို ညွှန်ကြားထားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဥ်တွင် မူးယစ်ဆေးဝါးမှောင်ခိုအဖွဲ့တစ်ခုသည် ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် မယ်ဖာလုံနှင့် မယ်ချန်းမြို့နယ်များကို ဖြတ်သန်းကာ မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ရန် စီစဉ်နေကြောင်း ထောက်လှမ်းရေးသတင်းကို အာဏာပိုင်များက ကြိုတင်ရရှိထားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဖမ်းဆီးရန် စောင့်ဆိုင်းခဲ့ရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက် နံနက်အစောပိုင်း ၁ နာရီခန့် (၁၂:၅၀ နာရီ) တွင် ချင်းရိုင်လိုင်စင်နံပါတ်ပါရှိသော ငွေရောင် ဖို့ဒ် ပစ်ကပ်ကားတစ်စီးသည် တာချီလိတ်မြို့ဝန်းကျင်ရှိရာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ဘက်ခြမ်းမှ တောင်ပေါ်လမ်းအတိုင်း အရှိန်ပြင်းစွာ မောင်းနှင်ဆင်းလာသည်ကို အထူးတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့သည်။ ထို့အတွက် အရာရှိများက ယာဉ်ကိုရပ်တန့်ရန် အချက်ပြခဲ့သော်လည်း ယာဉ်မောင်းသည် အရှိန်မြှင့်ကာ စစ်ဆေးရေးဂိတ်ကို တိုက်ဖျက်မောင်းနှင်ခဲ့သည်။ အထူးတပ်ဖွဲ့ဝင်များက ချက်ချင်းလိုက်လံဖမ်းဆီးရာ ပစ်ကပ်ကားသည် လမ်းမကြီးပေါ်မှ သွေဖည်ကာ စရီခမ်းကျေးရွာအုပ်စု၊ ရွန်ချာရင်ကျေးရွာအနီးရှိ စိုက်ပျိုးရေးခြံများဘက်သို့ မောင်းနှင်သွားခဲ့သည်။
လိုက်လံဖမ်းဆီးစဉ်အတွင်း ယာဉ်မောင်းသည် တောင်ကုန်းပေါ်ရှိ နာနတ်သီးစိုက်ခင်းထဲသို့ မောင်းနှင်တက်ရန် ကြိုးပမ်းခဲ့သော်လည်း နောက်ဘီးများသည် ရွှံ့ဗွက်ထဲသို့ နစ်ဝင်သွားသဖြင့် ကားမှာ ရှေ့ဆက်မရဘဲ ဖြစ်နေခဲ့သည်။ အရာရှိများက မော်တော်ယာဉ်ရှိရာသို့ ရောက်ရှိသွားချိန်တွင် ယာဉ်မောင်းဖြစ်သူမှာ မှောင်ရိပ်ခိုကာ အခင်းဖြစ်နေရာမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီဖြစ်သည်။
အဆိုပါ ပစ်ကပ်ကားကို ရှာဖွေရာတွင် စိတ်ကြွဆေးပြားများ ထည့်ထားသည့် အိတ်ကြီး ၂၀ အိတ်ကို တွေ့ရှိခဲ့သည်။ ဆေးအိတ် ၁၄ အိတ်ကို ကားနောက်ခန်းတွင် တွေ့ရှိရပြီး ကျန် ၆ အိတ်ကို ယာဉ်မောင်းထိုင်ခုံ နောက်ကျောဘက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တစ်အိတ်လျှင် ဆေးပြားပေါင်း ၁၅၀,၀၀၀ ခန့် ပါရှိသောကြောင့် စုစုပေါင်း စိတ်ကြွဆေးပြား ၃ သန်းခန့် ရှိကြောင်း သိရသည်။
အာဏာပိုင်များသည် သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို သိမ်းဆည်းထားပြီး၊ စုံစမ်းစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ကာ ဆက်စပ်တရားခံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် အခြားအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ယခုသိမ်းဆည်းရမိမှုအပြီးတွင် Chao Tak တပ်ဖွဲ့မှူး Suphan Roi Phut က ဒုတိယတပ်မှူး Thawat Inkhong အား သက်သေခံပစ္စည်းများကို စစ်ဆေးရန်နှင့် စစ်ဆင်ရေးနှင့်ပတ်သက်၍ တရားဝင်သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် တပ်မ (၃၁) နှင့် သက်ဆိုင်ရာဌာနများသို့ စေလွှတ်တာဝန်ပေးခဲ့သည်ဟု သိရသည်။
Ref: Crime Asia
