၁၇. ၃. ၂၀၂၆
Written by Nyein Kyaw
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်က စတင်ဖြေဆိုခဲ့ရာ ယနေ့မှာ နောက်ဆုံးနေ့အဖြစ် ဆက်လက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ များပြားခဲ့ကြောင်း သိရပါတယ်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှာ မြန်မာစာ၊ မတ်လ ၁၂ ရက်မှာ အင်္ဂလိပ်စာ၊ မတ်လ ၁၃ ရက်မှာ သင်္ချာ၊ မတ်လ ၁၄ ရက်မှာ ဓာတုဗေဒနဲ့ ပထဝီဝင်၊ မတ်လ ၁၅ ရက် (တနင်္ဂနွေနေ့) တစ်ရက်ပိတ်ပြီး မတ်လ ၁၆ ရက်မှာ ရူပဗေဒနဲ့သမိုင်း၊ နောက်ဆုံးဖြစ်တဲ့ ယနေ့ မတ်လ ၁၇ ရက်မှာ ဇီဝဗေဒနဲ့ ဘောဂဗေဒတို့ကို ဖြေဆိုကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန ၈၁၇ ခု ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းထားခဲ့သူဦးရေ ၂၂၀,၀၀၀ ကျော်သာရှိပြီး ယခု ၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ စာစစ်ဌာန ၈၈၇ ခု ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းဦးရေမှာ ၂၆၈,၇၅၃ ကျော်ရှိခဲ့လို့ ယခင်နှစ်ထက် ဝင်ရောက်ဖြေဆိုသူ ပိုမိုများပြားခဲ့ပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ဖြစ်တဲ့ မနေ့ကအထိ ဝင်ရောက်ဖြေဆိုသူ ၂၅၄,၆၄၉ ဦးအထိ ဆက်လက်ဖြေဆိုခဲ့တာကြောင့် စာမေးပွဲဆက်လက်ဖြေဆိုသူဦးရေမှာ ဖြေဆိုဖို့စာရင်းပေးသွင်းထားသူဦးရေရဲ့ ၉၄ ရာခိုင်နှုန်းကျော်အထိရှိတယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။
အလားတူ စက်မှုအတတ်ပညာ (မြေတိုင်းပညာ၊ လျှပ်စစ်ဆိုင်ရာစက်ပစ္စည်းများ၊ ဂဟေဆက်နည်းပညာ)၊ စိုက်ပျိုးရေးအတတ်ပညာ (သီးနှံကာကွယ်ရေး)နဲ့ မွေးမြူရေးအတတ်ပညာ (ရေသတ္တဝါမွေးမြူရေးနဲ့ ပျားမွေးမြူရေး) ဘာသာရပ်တို့ကို စာစစ်ဌာန ၅၃ ခုမှာ ဆက်လက်ဖြေဆိုသူ ၃,၃၆၄ ဦး ဆက်လက်ဖြေဆိုနေတာဖြစ်လို့ စာရင်းပေးသူဦးရေရဲ့ ၉၉ ရာခိုင်နှုန်းကျော်အထိ ရှိတယ်လို့ သိရပါတယ်။









