၁၇.၃.၂၀၂၆
Written By Thandar
Brave Empire Entertainment က ထုတ်လုပ်တဲ့ အချစ်ဇာတ်လမ်းပုံစံ “နွေသင်္ကြန် ”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show အခမ်းအနားကို မတ်လ ၁၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ရာ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။



“ကျွန်တော်က ဒီဇာတ်ကားမှာ ရွာသားလေးတစ်ယောက် ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ ပန်းချီကို ဝါသနာပါတဲ့ လူငြိမ်းဆိုတဲ့နေရာကပါ။ ကျေးလက်ဒေသ ရွာသင်္ကြန်အငွေ့အသက်လေးတွေပါတဲ့ ဇာတ်ကားလေးပါ။ ကိုယ်က မြန်မာလူမျိုးမို့ သင်္ကြန်ကိုချစ်မြတ်နိုးတဲ့ အထဲမှာလည်းပါပါတယ်။ တံခွန်နဲ့သင်ဇာဒီကားမှာ အတွဲအစပ်လေးနဲ့ပါပါတယ်။ ချစ်စရာကောင်းတဲ့ သင်္ကြန်ဇာတ်လမ်းလေးပါ။ မကြာခင်ရုံတင်ရင်လည်း ပရိသတ်တွေအားပေးကြဦးလို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ပိုင်တံခွန်က ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ ပိုင်တံခွန်၊ ချာလီငြိမ်း၊ သင်ဇာဝင့်ကျော်၊ မေမြင့်မိုရ်၊ ယွန်းရွှေရည်၊ ထွန်းထွန်း၊ အဒီရာဦး၊ ဝင်းသပြေထွန်း၊ ပေါက်စီ၊ ခွန်သာချိုနဲ့ ထုတ်လုပ်ရေးဘက်ကသူတွေ တက်ရောက်ခဲ့ကြပါတယ်။






ဒီဇာတ်ကားကို ဇာတ်လမ်း အကယ်ဒမီအေးသီရိကို၊ ဇာတ်ညွှန်း ရာဇဝင်ကို၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)၊ သရုပ်ဆောင် ပိုင်တံခွန်၊ ချာလီငြိမ်း၊ သင်ဇာဝင့်ကျော်၊ အကယ်ဒမီ မေမြင့်မိုရ်၊ အောင်ခိုင်၊ ဆင်မ၊ ဝါဝါအောင်၊ ယွန်းရွှေရည်၊ စူပါလင်း၊ ရန်ပြေ စတဲ့သူတွေ ပါဝင်ရိုက်ကူးထားကြပါတယ်။
“နွေသင်္ကြန်”ရုပ်ရှင်ဇာတ်ကားကြီးကိုလာမယ့် မတ်လ ၂၀ ရက်နေ့က စတင်ပြီး မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
