◾ အိန္ဒိယနိုင်ငံအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ရန် ပူးပေါင်းကြံစည်မှု၊ ဥရောပမှ ဒရုန်းများ တရားမဝင်သယ်ယူမှုတို့ဖြင့်လည်း အမှုဖွင့်ထား
နေမိုး
၁၇. ၃. ၂၀၂၆
အိန္ဒိယနိုင်ငံအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ရန် ပူးပေါင်းကြံစည်မှုဖြင့် အမေရိကန်နိုင်ငံသားတစ်ဦးနှင့် ယူကရိန်းနိုင်ငံသား ခြောက်ဦး၊ စုစုပေါင်း နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးလိုက်သည်။
၎င်းတို့သည် မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော်ကာ အိန္ဒိယဆန့်ကျင်ရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး ဒရုန်းများကို လက်ခံရရှိခဲ့သည်ဟု သတင်းများက ဆိုသည်။ ၎င်းတို့အား အိန္ဒိယလေဆိပ်များတွင် ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် NIA ၏ ထိန်းသိမ်းမှုအောက်တွင် ရှိနေသော်လည်း ၎င်းတို့၏ ရှေ့နေကမူ ထိုဖမ်းဆီးမှုမှာ တရားမဝင်ကြောင်း ပြောကြားထားသည်။
◾ The Print က ဖော်ထုတ်
အိန္ဒိယနိုင်ငံအား ဆန့်ကျင်သည့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ပူးပေါင်းကြံစည်မှု စွဲချက်ဖြင့် အမေရိကန်နိုင်ငံသားတစ်ဦး အပါအဝင် နိုင်ငံခြားသား ၇ ဦးကို ဖမ်းဆီးထားကြောင်း ThePrint က သိရှိရသည်။


အဆိုပါ အမေရိကန်နိုင်ငံသားနှင့် ကျန်ယူကရိန်းနိုင်ငံသား ၆ ဦးတို့ကို ၁၉၆၇ ခုနှစ်၊ တရားမဝင်လှုပ်ရှားမှုများ (ကာကွယ်ရေး) အက်ဥပဒေ (UAPA) ပုဒ်မ ၁၈ အပါအဝင် သက်ဆိုင်ရာ စွဲချက်များဖြင့် သောကြာနေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်ဟု အမှုအသေးစိတ်ကို သိရှိသူများက ဆိုသည်။
မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နှင့် ကီလိုမီတာ ၅၀၀ ကျော် နယ်စပ်ချင်း ထိစပ်နေသည့် မီဇိုရမ်ပြည်နယ်သည် နိုင်ငံခြားသားများအတွက် ကန့်သတ်နယ်မြေဖြစ်ပြီး၊ နိုင်ငံခြားသား မှတ်ပုံတင်ရုံး (FRO) ထံမှ ကန့်သတ်နယ်မြေအတွင်း ဝင်ရောက်ခွင့်လက်မှတ် (RAP) ရယူရန် လိုအပ်သည်။
◾ စွဲချက်များနှင့် ဖြစ်စဉ်အသေးစိတ်
ပထမသတင်းပေးချက် (FIR) အရ အဆိုပါအမျိုးသားများသည် မီဇိုရမ်ပြည်နယ်သို့ ဦးစွာဆင်းသက်ခဲ့ပြီးနောက် မြန်မာနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ကာ အိန္ဒိယအပေါ် ရန်လိုသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်အချို့နှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။ ထို့အပြင် တရားခံများသည် ဥရောပမှ ဒရုန်းများကို မီဇိုရမ်သို့ ပို့ဆောင်ခိုင်းခဲ့ပြီးနောက် နယ်စပ်ဖြတ်ကျော်ကာ ယူဆောင်သွားခဲ့သည်ဟုလည်း ဆိုသည်။
၎င်းတို့သည် မြန်မာနိုင်ငံသို့ မဝင်ရောက်မီ အိန္ဒိယသို့ မည်သည့်အချိန်တွင် ဝင်ရောက်ခဲ့သည်နှင့် မည်သည့်အချိန်တွင် ပြန်လည်ဝင်ရောက်လာသည်ကိုမူ အတိအကျ မသိရသေးပေ။
၎င်းတို့အား မဖမ်းဆီးမီ သောကြာနေ့ ညနေပိုင်းတွင် FIR ကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါနိုင်ငံခြားသားများကို စနေနေ့တွင် တာဝန်ကျတရားသူကြီးထံ ရုံးထုတ်ခဲ့ပြီး ၃ ရက်ကြာ ထိန်းသိမ်းခွင့်ရရှိခဲ့ကာ တနင်္လာနေ့တွင် ထပ်မံရုံးထုတ်ခဲ့ရာ NIA ထံတွင် ၁၁ ရက်ကြာ ထိန်းသိမ်းစစ်ဆေးရန် အမိန့်ချမှတ်ခဲ့သည်။
”သူတို့ကို အိန္ဒိယကနေ ပြန်ထွက်ခွာဖို့ ကြိုးစားနေချိန်မှာ လက်ခ်နောင်း၊ ဒေလီနဲ့ ကာလကတ္တား လေဆိပ်တွေမှာ ဖမ်းဆီးခဲ့တာပါ” ဟု အမှုကို သိရှိသူတစ်ဦးက ThePrint သို့ ပြောသည်။ သို့သော် ဖမ်းဆီးခံရသူများ၏ မည်သူမည်ဝါဖြစ်ကြောင်း အချက်အလက်နှင့် တိကျသည့် စွဲချက်များကိုမူ ပြောကြားရန် ငြင်းဆိုခဲ့သည်။ NIA ပြောရေးဆိုခွင့်ရှိသူထံ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
တရားခံအားလုံးအတွက် ခုခံချေပပေးနေသည့် ရှေ့နေ ပရာမုတ်ကူးမားဒူဘေး (Pramod Kumar Dubey) ကမူ ဤဖမ်းဆီးမှုသည် တရားမဝင်ကြောင်းနှင့် NIA အနေဖြင့် ဗီယင်နာကွန်ဗင်းရှင်း (Vienna Convention) ၏ စည်းမျဉ်းများကို လိုက်နာခြင်းမရှိဟု ဆိုသည်။ “တရားခံတွေအပေါ် စွဲချက်တင်စရာ ဘာအထောက်အထားမှ မရှိပါဘူး။ သူတို့ကို ဖမ်းဆီးတာဟာ တရားမဝင်ပါဘူး” ဟု ၎င်းက ThePrint သို့ ပြောကြားခဲ့သည်။
◾ မြန်မာနိုင်ငံဘက်ခြမ်းမှ သတင်းများ
မြန်မာနိုင်ငံဘက်ခြမ်းမှ သတင်းများအရမူ ထိုဖမ်းမိနိုင်ငံခြားသားများဖြစ်သည့် အမေရိကန်နိုင်ငံသားတစ်ဦးနှင့် ယူကရိန်းနိုင်ငံသားခြောက်ဦးမှာ ချင်းလက်နက်ကိုင်များအပါအဝင် PDF များကို ဒရုန်းနည်းပညာအပါအဝင် စစ်ရေးဆိုင်ရာကူညီတိုက်ခိုက်မှုပြုလုပ်ပေးနေသော AIF မှ အဖွဲ့ဝင်များဖြစ်ဖွယ်ရှိသည်ဟု ကနဦးသတင်းများထွက်ပေါ်နေသည်။
ကယားပြည်နယ်မှ လက်နက်ကိုင်များကို အဓိက အခြေစိုက်ကူညီနေသော Free Burma Ranger၊ PDF Zoland အပါအဝင် ချင်းလက်နက်ကိုင်များကို အဓိကကူညီနေသော နော်ဝေနိုင်ငံအခြေစိုက် နော်ဝေ စစ်မှုထမ်းဟောင်းနှင့် လက်ရှိနော်ဝေစစ်သားတစ်ဦး တည်ထောင်ထားသည့် စစ်ဘက်ရေးရာကုမ္ပဏီတစ်ခုဖြစ်သော NorArm Tactical ကုမ္ပဏီကဲ့သို့ပင် AIF သည်လည်း အမေရိကန်နိုင်ငံသားများ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတွင် တပ်မတော်ကို ပါဝင်တိုက်ခိုက်နေသည်။
အမေရိကန်နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားလက်နက်ကိုင်များက ဖက်ဆစ်ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာတပ်ဦး (Anti-Fascist International Front—AIF) အဖွဲ့ ဖွဲ့၍ သူပုန်များဘက်က ပါဝင်ကာ မြန်မာအစိုးရကို တိုက်ခိုက်နေသည်ဟု Telegraph သတင်းဌာနက AIF တည်ထောင်သူ အမေရိကန်နိုင်ငံသား အာဇတ်ပြောဆိုမှုအပေါ် အခြေခံကာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ဖော်ထုတ် ရေးသားခဲ့သလို ထိုအချိန်မှစ AIF သည် AIF Myanmar ကို ထပ်ဆင့်ဖွဲ့စည်းကာ စစ်သင်တန်းပေးခြင်းနှင့် တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခြင်းပြုနေခဲ့သည်။
ထို့အတူ AIF Myanmar က ဖွဲ့စည်းထားသည့် Witch အမျိုးသမီးအဖွဲ့ကို ယူကရိန်းရဲဘော်များက ဒရုန်းနည်းပညာသင်တန်းပေးခဲ့သည်ဟု NUG နှင့် PDF များကို ထောက်ခံသော ယခင် 7 Day သတင်းဌာန၏ အယ်ဒီတာချုပ်တစ်ဦးဖြစ်သူ ငြိမ်းငြိမ်းနိုင်တည်ထောင်ထားသည့် People’s Spring သတင်းဌာနက ယခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် “ယူကရိန်းရဲဘော်တွေထံက အသေခံဒရုန်းနည်းပညာအချို့ ရယူခဲ့တယ်လို့ အမျိုးသမီးတပ်ဖွဲ့ (WITCH) ပြော “ခေါင်းစဥ်ဖြင့် ဖော်ပြခဲ့သည်။
Ref: The Print, Telegraph & People’s Spring

