၁၇. ၃. ၂၀၂၆
Written by Thiri
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမပေါ်ရှိ တာမီနယ်ဆီဆိုင်အနီးမှာ လိုက်ထရက်ယာဉ်၊ တက္ကစီနဲ့ အမှိုက်သယ်တဲ့ သုံးဘီးယာဉ်တို့ သုံးစီးဆင့်တိုက်မှု မနေ့က မတ်လ ၁၆ ရက် ည ၁၀ နာရီကျော်အချိန်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ကြယ်စင်မေတ္တာ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်အတွင်း ကားမီးလောင်မှု၊ လူသေဆုံးမှုနဲ့ ပြင်းထန်ဒဏ်ရာရရှိမှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ သိရှိရကာ သေဆုံးသူမှာ မီးလောင်ခဲ့တဲ့ လိုက်ထရက်ယာဉ်မှ ယာဉ်မောင်းလို့လည်း သိရပါတယ်။ တက္ကစီယာဉ်နဲ့ အမှိုက်သိမ်းယာဉ်ပေါ်မှာ အမျိုးသားနှစ်ဦးဟာလည်း အနီအရောင်အဆင့် ပြင်းထန်ဒဏ်ရာတွေနဲ့ ဆေးရုံတက်ရောက်ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
“လိုက်ထရက်က အရှိန်လွန်ပြီး တက္ကစီကို တိုက်တယ်။ တက္ကစီက ပရိုဘောက်အမျိုးအစား။ အဲဒီတက္ကစီကမှ တစ်ဖက်ယာဉ်ကြောက အမှိုက်သိမ်းတဲ့စည်ပင် သုံးဘီးယာဉ်ကို အရှိန်နဲ့ ထပ်တိုက်တာ။ လိုက်ထရက်ပေါ်က လူနာက ကားပေါ်ကနေ ထုတ်လိုက်နိုင်တယ်။ အပြင်ရောက်ပြီးမှ ဆေးရုံတင်ဖို့ လုပ်နေရင်း ဆုံးပါတယ်။ ကားကလည်း မီးထလောင်တယ်။ ဝါယာရှော့ခ်ဖြစ်ပြီး”လို့ ကြယ်စင်မေတ္တာလူမှုကူညီရေး အသင်းက MT News ကို ပြောပါတယ်။
ဖြစ်စဥ်အတွင်း ထိခိုက်လူနာ သုံးဦးရှိပြီး အမျိုးသားနှစ်ဦးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ခြေလက်သွေးထွက် ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ပြီး စိုးရိမ်ရဒဏ်ရာတွေနဲ့ မြောက်ဥက္ကလာပဆေးရုံကြီးဆီ တင်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားတစ်ဦးကတော့ ရှေးဦးပြုစုနည်းနဲ့ ပြုစုကယ်ဆယ်နေရင်း နေရာတွင်ပင် ကွယ်လွန်ခဲ့တာကြောင့် ဆေးရုံအတည်ပြုချက်ရယူနိုင်ဖို့ မင်္ဂလာဒုံ နာရေးကူညီမှုအသင်း နာရေးယာဥ်နဲ့ မြောက်ဥက္ကလာပဆေးရုံကြီး(မေဓာဝီ)ဆီ ပို့ဆောင် ကူညီခဲ့ကြတယ်လို့ သိရပါတယ်။





