၂၄. ၂. ၂၀၂၆
MT News Editorial
မြန်မာ့ဒီမိုကရေစီ သမိုင်းကြောင်းတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ငါးနှစ်ကျော်ကြာ တန့်ရပ်ခဲ့ရသော လွှတ်တော်ယန္တရားသည် လာမည့် မတ်လ ၁၆ ရက်တွင် ပြန်လည်အသက်ဝင်လာတော့မည် ဖြစ်သည်။ ဤပြန်လည်စတင်မှုသည် ပုံမှန်ဒီမိုကရေစီနိုင်ငံများကဲ့သို့ လွှတ်တော်သက်တမ်းတစ်ကြိမ်ပြီးဆုံးသဖြင့် ရွေးကောက်ပွဲကျင်းပ သက်တမ်းတိုးခြင်းမျိုးမဟုတ်ဘဲ အကျပ်အတည်းများကြားမှ နိုင်ငံ့နယ်မြေ ၂၀ ရာခိုင်နှုန်းခန့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ဘဲ ပြုလုပ်ခဲ့ရသည့် တစ်ကျော့ပြန် လွှတ်တော်ဖြစ်နေသည်။ ထို့ကြောင့် ယခု လွှတ်တော်ယန္တရားသည် နိုင်ငံရေးအရ အလွန်နက်ရှိုင်းသော အက်ကြောင်းများနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြားမှ ရုန်းထွက်ရန် ကြိုးစားရသော”တွက်ချက်စွန့်စားရသည့် နိုင်ငံရေးအလောင်းအစား” တစ်ခုကဲ့သို့ ဖြစ်နေသည်။ ၂၀၂၁ ခုနှစ် မဲမသမာမှုဆိုင်ရာ စွပ်စွဲချက်များ၊ တပ်မတော်က အာဏာသုံးရပ် ရယူခဲ့မှုကြားမှ လွှတ်တော်ပြန်လည်စတင်ခဲ့မှုနှင့် တစ်ဖက်တွင်လည်း နယ်မြေလုယက် ထိန်းချုပ်ထားသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် NUG/ PDF တို့၏ အကြမ်းဖက်သတ်ဖြတ်ခံရနိုင်သည့် အန္တရာယ်များကြားတွင် ရပ်တည်ရမည့် လွှတ်တော်ကိုယ်စားလှယ်များအတွက်မူ ဤခရီးသည် “ဓားသွားပေါ်တွင် လျှောက်လှမ်းရသည့် ခရီးကြမ်း” ပင် ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် မိမိ၏ အခြေခံတာဝန်ဖြစ်သော ဥပဒေပြုခြင်း၊ ဘတ်ဂျက်အတည်ပြုခြင်းနှင့် အစိုးရကို စောင့်ကြည့်ထိန်းကျောင်းခြင်းတို့သည် စစ်ပွဲများ နေရာအနှံ့ဖြစ်ပွားနေသည့် ယနေ့ မြန်မာ့မြေပြင်တွင် သီအိုရီဆန်လွန်းသော စကားလုံးများ ဖြစ်နေနိုင်သည်။ ငါးနှစ်ကျော်ကြာ ပြတ်တောက်သွားသည့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးဆိုင်ရာ ကွာဟချက် (Gap) သည် AI ခေတ်၏ နည်းပညာပိုင်းအရသာမက လူထု၏ ယုံကြည်ကိုးစားမှု အပိုင်းတွင်ပါ ကြီးမားသော ဟာကွက်ကို ဖြစ်ပေါ်စေခဲ့သည်။ ဤငါးနှစ်တာကာလအတွင်း လွှတ်တော်အတွေ့အကြုံနှင့် လုပ်ထုံးလုပ်နည်းများ မေ့လျော့နေနိုင်သည့်အပြင် မြေပြင်တွင် ပြောင်းလဲသွားသော လူထု၏ နာကျင်မှုနှင့် မျှော်လင့်ချက်များကို ကိုယ်စားလှယ်များအနေဖြင့် မျက်ခြည်မပြတ်ရန် အထူးအရေးကြီးလှသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ဘက်စုံအကျပ်အတည်းများအောက်တွင် တပ်မတော်ကို ကိုယ်စားပြုနေသည်ဟု သမုတ်ခံရနိုင်သလို လက်နက်ကိုင်အကြမ်းဖက်များက “ဒေါက်တိုင်” ဟု သတ်မှတ်ကာ ပစ်မှတ်ထား ရှင်းလင်းခြင်းခံရနိုင်သည့် အသက်အန္တရာယ်နှင့်လည်း ထိပ်တိုက်ရင်ဆိုင်နေရသည်။
ဤကဲ့သို့သော “ဘေးကျပ်နံကျပ်” အခြေအနေမျိုးတွင် လွှတ်တော်အမတ်တစ်ဦး၌ ရှိသင့်သည့် အခြေခံအရည်အသွေးများထက် ပိုမိုမြင့်မားသော “ပဋိပက္ခဖြေရှင်းနိုင်စွမ်း (Conflict Resolution Skills) ” နှင့် “ခံနိုင်ရည်ရှိမှု (Resilience)” တို့ကို အထူးလိုအပ်မည်ဖြစ်သည်။ ပုံမှန်အခြေအနေတွင် ကိုယ်ကျင့်တရားကောင်းမွန်ပြီး ဗဟုသုတကြွယ်ဝရုံ၊ လူထုအတွက် ပြောဆိုရှင်းလင်းရဲရုံဖြင့် လုံလောက်သော်လည်း၊ ယခုကဲ့သို့ မတည်ငြိမ်သည့် နိုင်ငံရေးဝန်းကျင်တွင်မူ “မူဝါဒအခြေပြု ရဲဝံ့မှု (Principled Courage)” ရှိမှသာလျှင် အမတ်တစ်ဦး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ နိုင်ငံရေးသမားတစ်ဦးအတွက် ကိုယ်ပိုင် ဘေးကင်းရေးထက် ကြောက်စရာကောင်းသည်မှာ ပြည်သူက သတ်မှတ်သည့် သမိုင်းတရားခံ ဖြစ်သွားရခြင်းပင်ဖြစ်သည်။ ထို့ကြောင့် လာမည့်လွှတ်တော်တွင် အမတ်များအနေဖြင့် မည်သည့်အဖွဲ့အစည်း၏ ဖိအားပေးမှုကိုမဆို ကျော်လွန်၍ ပြည်သူလူထု၏ အစစ်အမှန် ဒုက္ခများကိုသာ ဗဟိုပြုရမည် ဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေသည် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လုံခြုံရေးကင်းမဲ့မှုတို့နှင့်အတူ လူထု၏ အခြေခံစားဝတ်နေရေးသည် အဆိုးရွားဆုံးအခြေအနေသို့ ဆိုက်ရောက်နေသည်။ အထူးသဖြင့် စနစ်တကျ ထိန်းကျောင်းနိုင်မှုမရှိဘဲ အဆမတန် မြင့်တက်နေသည့် အိမ်ခြံမြေစျေးနှုန်းများသည် ပြည်သူများအတွက် နေထိုင်ရန် ခက်ခဲနေရုံသာမက မည်သည့်စီးပွားရေးလုပ်ငန်းမျှ စတင်ရန် မဖြစ်နိုင်တော့သည့် အလွန်အမင်း စျေးနှုန်းကြီးမြင့်သည့် အခြေအနေဖြစ်ပေါ်နေသည်။ မြန်မာ့စီးပွားရေး ပြန်လည်ကောင်းမွန်စေလိုသည်ဆိုပါက အဆမတန် ဆွဲတင်ခံထားရသော အိမ်ခြံမြေ ရွှေငွေကား စသည့် အခြေပစ္စည်းများ၏ တန်ဖိုးကို ရှိသင့်ရှိထိုက်သော တန်ကြေးရောက်အောင် ပြန်လည် ထိန်းကျောင်းရမည်ဖြစ်သည်။ ဤကဲ့သို့သော အကျပ်အတည်းများနှင့် ပြည်သူ့ဘဝ နာကျင်မှုများ၊ စစ်ဘေးရှောင်များ၏ ငိုကြွေးသံနှင့် လက်နက်ကိုင်တို့၏ စစ်သားစုဆောင်းမှုများ အကြားတွင် အနာဂတ်ပျောက်ဆုံးနေသော လူငယ်များ၏ အသံနှင့် လူထု၏ ငြိမ်းချမ်းရေး လိုလားသံများကို ပြည်သူ့ကိုယ်စားလှယ်များက လွှတ်တော်အတွင်းသို့ ရဲရဲဝံ့ဝံ့ သယ်ဆောင်လာနိုင်ရန် လိုအပ်သည်။ လွှတ်တော်သည် အာဏာရှိသူတို့၏ အလိုကျ အတည်ပြုချက်ပေးရုံသက်သက် (Rubber Stamp) သို့မဟုတ် မလုပ် မရှုပ် မပြုတ် လက်ညှိုးထောင် ခေါင်းညိတ်တို့ စုဝေးနေသော နေရာတစ်ခုသာ ဖြစ်နေမည်ဆိုပါက တစ်ကျော့ပြန် လွှတ်တော်စတင်မှုသည် ပြည်သူလူထုလိုလားနေသော ဖက်ဒရယ်ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးသို့ ဦးတည်နိုင်မည်မဟုတ်ဘဲ အနှစ်သာရကင်းမဲ့သွားပေလိမ့်မည်။
ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များအတွက် အခက်ခဲဆုံးသော စိန်ခေါ်မှုမှာ ‘ယုံကြည်မှု တည်ဆောက်ရေး’ ပင်ဖြစ်သည်။ စစ်ပွဲများကြားမှ လက်နက်ကိုင်အဖွဲ့အစည်းများ၏ သံသယနှင့် ပစ်မှတ်ထားမှုများကြားတွင် မိမိတို့သည် ‘ဘယ်သူ့ဘက်တော်သားလဲ’ ဆိုသည့် အမေးကို နိုင်ငံနှင့် ပြည်သူ့ဘက်တော်သားဟူသော လက်တွေ့အလုပ်ဖြင့်သာ သက်သေပြရပေလိမ့်မည်။ သို့မှသာလျှင် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကို မျက်နှာမူသော ‘မူဝါဒအခြေပြု ရဲဝံ့မှု(Principled Courage)’ ရှိသူများအဖြစ် သမိုင်း၏ မှတ်ကျောက်တင်ခြင်းကို ခံရမည်ဖြစ်ပေသည်။
အချုပ်အားဖြင့်ဆိုသော် မတ်လ ၁၆ ရက်တွင် စတင်မည့် လွှတ်တော်ခရီးစဉ်သည် ပြည်သူ့ကိုယ်စားလှယ်များအတွက် ခလုတ်ကန်သင်းများနှင့် အသက်ဘေးအန္တရာယ်များစွာ စောင့်ကြိုနေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ သို့သော် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့သည် “အစုအဖွဲ့တစ်ခု၏ လက်ကိုင်တုတ်” မဟုတ်ဘဲ “နာကျင်နေသော ပြည်သူတို့၏ တစ်ခုတည်းသော အသံ” ဖြစ်သည်ဟု ခံယူရပေမည်။ ပြည်သူက ရွေးကောက်ပေးလိုက်ချိန်တွင် အာဏာကို မျက်နှာမူခြင်းထက် ပြည်သူ့မျက်နှာကိုသာ ဖြောင့်ဖြောင့်မတ်မတ်ကြည့်၍ လုပ်ဆောင်ပေးကြပါရန် MT News က တိုက်တွန်းနှိုးဆော်အပ်ပေသည်။ နိုင်ငံရေးသမိုင်းဟူသည် ရဲဝံ့စွာ ရပ်တည်သူတို့အတွက်သာ နေရာပေးစမြဲ ဖြစ်ပြီး၊ လွှတ်တော်ယန္တရား ပြန်လည်စတင်ခြင်းသည် ပျက်စီးနေသော နိုင်ငံတော် ပြန်လည်တည်ဆောက်ရေးအတွက် နိမိတ်ကောင်းတစ်ခု ဖြစ်လာပါစေကြောင်းလည်း MT News က ဆုမွန်ကောင်းတောင်းအပ်ပါသည်။
