၂၅.၂.၂၀၂၆
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုများစွာရရှိထားတဲ့ Snare အဖွဲ့ရဲ့ “One Man Show” ပွဲကို လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Hexagon Complex မှာ တေးသီချင်း အပုဒ် ၄၀ ကျော်နဲ့ အကောင်းဆုံးဖျော်ဖြေသွားမယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ Snare ဆိုတဲ့ အရင်ကပုံစံအတိုင်းလေးပဲပေါ့။ Snare နှစ်ယောက်ရဲ့ ဘယ်သူနဲ့မှ မတူတဲ့ ကာရိုက်တာတွေရှိတယ်။ Snare နှစ်ယောက်ရဲ့ အထာတွေရှိတယ်။ အဲဒါတွေမြင်ရမှာပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုခဲ့တဲ့ မုဒ်တွေပြန်ရမှာပေါ့။ ငယ်ငယ်တုန်းကတော့ ဖန်တီးမှုတွေ အများကြီးရှိခဲ့ပါတယ်။ ရန်ကုန်မှာ ပြန်လုပ်ဖြစ်တဲ့ပွဲပေါ့နော်။ ကျွန်တော်တို့ အသက်အရွယ်တွေကြီးလာပေမယ့် သီချင်းတွေဆိုနေချိန်မှာ မိုက်ကရိုဖုန်း ကိုင်လိုက်တာနဲ့ Snare ပြန်ဖြစ်သွားတယ်။ စင်ပေါ်ရောက်သွားရင် စိတ်တွေက သီချင်းစလုပ်ခဲ့တဲ့ Mood ပြန်ဖြစ်သွားတယ်”လို့ အဆိုတော် နေဝင်း(Snare)က ပြောပါတယ်။
အဆိုပါ ဖျော်ဖြေပွဲမှာတော့ သီချင်းအဟောင်းတွေရော အသစ်တွေကိုပါ ထည့်ပြီးသီဆိုသွားမှာဖြစ်ပြီး Featuring အနေနဲ့ ပါဝင်သီဆိုခဲ့တဲ့ နာမည်ကြီးအဆိုတော်တွေလည်း ပါဝင်သီဆိုကြမယ်လို့ သိရပါတယ်။ Snare အဖွဲ့က တစ်ချိန်က ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ဖျော်ဖြေရေးတွေရှိခဲ့တာလည်းဖြစ်ပြီး ယခင်နှစ်တွေက မော်လမြိုင်၊ မန္တလေးတို့မှာ ဖျော်ဖြေခဲ့ကြတာလည်းဖြစ်ပါတယ်။
“ဒီဖျော်ဖြေပွဲမှာ G Family က ပါမှာ မဟုတ်ပါဘူး။ ငဖြိုးတစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေက ကလေးအဖေတွေဖြစ်နေတယ်။ အကုန်လုံးက နိုင်ငံခြားရောက်နေကြတယ်။ ဒီတစ်ခေါက်မှာ မမီတော့ဘူးပေါ့။ နောက်တစ်ခေါက်တော့လာမှာပေါ့။ ကျွန်တော်တို့ အပုဒ် ၄၀ ကျော် ဖျော်ဖြေဖို့ သတ်မှတ်ထားပါတယ်။ ပျော်မယ်၊ ပါးမယ်။ Snare ကို တကယ်ကြည့်မယ်ဆိုရင် Snare ကို မြင်ရမှာပါ။ ကျွန်တော်တို အပီဗြင်းမှာဖြစ်ပါတယ်”လို့ သူ့ကဆက်ပြောပါတယ်။
Snare One Man Show ပွဲရဲ့ လက်မှတ်ဈေးနှုန်းက GA ကျပ် ၃သောင်းကနေ VVIP ဝိုင်းလက်မှတ်အနေနဲ့ ကျပ် ၁၀ သိန်းအထိ The Concert Facebook Page မှာရောင်းချပေးနေလျက်ရှိတယ်လို့ သိရပါတယ်။
#NayWin #နေဝင်း #PhyoLay #ဖြိုးလေး #Snare #MyanmarSinger #အဆိုတော် #MyanmarCeleLifeStyle #SnareOneManShow
