သက်တံ့
၂၈. ၂. ၂၀၂၆
အစ္စရေးနိုင်ငံသည် ယနေ့ စနေနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) တွင် အီရန်အပေါ် ကြိုတင်ကာကွယ်သော တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အစ္စရေး၏ ယင်းလုပ်ရပ်သည် အရှေ့အလယ်ပိုင်းဒေသကို စစ်ရေးပဋိပက္ခအသစ်အတွင်းသို့ တွန်းပို့လိုက်ပြီး တီဟီရန်၏ ရေရှည်နျူကလီးယား အငြင်းပွားမှုနှင့် ပတ်သက်၍ အနောက်အုပ်စုနှင့် သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်မည့် မျှော်လင့်ချက်များကို ပိုမိုမှေးမှိန်သွားစေခဲ့သည်။
အမေရိကန် အရာရှိတစ်ဦးကို ကိုးကား၍ New York Times က ဖော်ပြရာတွင် အီရန်အပေါ် အမေရိကန်၏ တိုက်ခိုက်မှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။ အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) သည် တီဟီရန်တွင် မရှိတော့ဘဲ လုံခြုံစိတ်ချရသော နေရာတစ်ခုသို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနသို့ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
ယခုတိုက်ခိုက်မှုသည် ဇွန်လအတွင်းက အစ္စရေးနှင့် အီရန်တို့ ၁၂ ရက်ကြာ လေကြောင်းတိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အီရန်အနေဖြင့် ၎င်းတို့၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်များကို ဆက်လက်လုပ်ဆောင်ပါက ထပ်မံတိုက်ခိုက်မည်ဟု အမေရိကန်နှင့် အစ္စရေးတို့က အကြိမ်ကြိမ် သတိပေးထားပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
◾ အီရန်စစ်တပ် ရလာနိုင်တဲ့ “ကင်းလွတ်ခွင့်” နဲ့ “သေချာပေါက် သေဆုံးမှု”
Truth Social တွင် မျှဝေထားသော ဗီဒီယိုတစ်ခု၌ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အီရန်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ဝင်များအား လက်နက်ချရန် ပြောကြားခဲ့ပြီး ထိုသို့ပြုလုပ်ပါက “ကင်းလွတ်ခွင့်” ပေးမည်ဟု ကတိပြုခဲ့သည်။
အခြားရွေးချယ်စရာတစ်ခုမှာ “သေချာပေါက် သေဆုံးခြင်း” ဖြစ်သည်ဟု ထရမ့်က ဆိုသည်။
၎င်းက အီရန်ပြည်သူများအား “ခင်ဗျားတို့ရဲ့ အစိုးရကို လွှဲပြောင်းရယူကြပါ၊ အဲဒါ ခင်ဗျားတို့ ပိုင်ဆိုင်ရမှာပါ” ဟု တိုက်တွန်းခဲ့သလို ”လွတ်လပ်မှုရဲ့ အချိန်နာရီက လက်တစ်ကမ်းမှာ ရှိနေပါပြီ။”ဟုလည်း ပြောကြားခဲ့သည်။
ထို့အပြင် အီရန်ကို တိုက်ခိုက်မှုအပြီးတွင် အမေရိကန် ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိလာနိုင်ကြောင်းကိုလည်း ထရမ့်ပ်က ဝန်ခံပြောကြားခဲ့သည်။
”သတ္တိရှိတဲ့ အမေရိကန်သူရဲကောင်းတွေရဲ့ အသက်တွေ ဆုံးရှုံးရနိုင်သလို၊ စစ်ပွဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒါကို လုပ်နေတာဟာ အခုလက်ရှိအတွက်တင် မဟုတ်ပါဘူး။ အနာဂတ်အတွက် လုပ်နေတာဖြစ်ပြီး ဒါဟာ မြင့်မြတ်တဲ့ စစ်ဆင်ရေးတစ်ခုပါပဲ။”ဟု ထရမ့်ပ်က ဆက်လက် ပြောကြားခဲ့သည်။
◾ ဇီယွန်နစ်အစိုးရ၏ လေကြောင်းကျူးကျော်မှု – အီရန်
တီဟီရန်တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက “ဇီယွန်နစ်အစိုးရ (အစ္စရေး) ၏ လေကြောင်းကျူးကျော်မှု” ဟု ဖော်ပြကာ အတည်ပြုခဲ့သည်။
တစ်ချိန်တည်းမှာပင် Fars သတင်းဌာနက အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီ၏ နေအိမ်တည်ရှိရာ တီဟီရန်မြို့ရှိ Keshvardoost နှင့် Pasteur ခရိုင်များတွင် “ဒုံးကျည်ထိမှန်မှု ခုနစ်ကြိမ်ရှိကြောင်း” သတင်းထုတ်ပြန်ခဲ့သည်။
အစောပိုင်းတွင် Isfahan၊ Qom၊ Karaj နှင့် Kermanshah မြို့များတွင်လည်း ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း Fars က ဖော်ပြခဲ့သည်။
”ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အီရန်အစိုးရဆီက လာမယ့် လက်ငင်းခြိမ်းခြောက်မှုတွေကို ဖယ်ရှားပြီး အမေရိကန်ပြည်သူတွေကို ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်” ဟု လူမှုကွန်ရက်တွင် မျှဝေထားသော ဗီဒီယိုတစ်ခု၌ ထရမ့်ပ်က ထုတ်ပြန် ပြောကြားခဲ့သည်။
အီရန်အနေဖြင့် နျူကလီးယားလက်နက် လုံးဝပိုင်ဆိုင်ခွင့် မရှိကြောင်းနှင့် အီရန်သည် ၎င်းတို့၏ နျူကလီးယား အစီအစဉ်ကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းခဲ့ကြောင်း၊ အမေရိကန်စစ်တပ်သည် “အကြီးစားနှင့် ဆက်တိုက်ဆောင်ရွက်နေသော” စစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်နေကြောင်း ထရမ့်က ဆက်လက်ပြောကြားခဲ့သည်။
”ကျွန်တော်တို့ သူတို့ရဲ့ ဒုံးကျည်တွေကို ဖျက်ဆီးပစ်မှာဖြစ်သလို၊ သူတို့ရဲ့ ဒုံးကျည်လုပ်ငန်းစုတစ်ခုလုံးကိုလည်း မြေလှန်ပစ်မှာပါ။” ဟုဆိုခဲ့သလို အီရန်၏ ရေတပ်ကိုလည်း “အမြစ်ပြတ်ချေမှုန်း” သွားမည်ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။
◾ အစ္စရေးတိုက်ခိုက်မှုနဲ့ လက်တုံ့ပြန်မယ့် တီဟီရန်
အစ္စရေး၏ အီရန်အပေါ် နေ့ခင်းကြောင်တောင် တိုက်ခိုက်မှုတွင် ပထမဆုံး သိသာထင်ရှားသော တိုက်ခိုက်မှုမှာ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီ၏ ရုံးခန်းများအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သည် တီဟီရန်တွင် မရှိတော့ဘဲ လုံခြုံသောနေရာသို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
အစ္စရေး ကာကွယ်ရေးအရာရှိတစ်ဦးက ဤစစ်ဆင်ရေးကို ဝါရှင်တန်နှင့် ညှိနှိုင်းကာ လပေါင်းများစွာ ကြိုတင်စီစဉ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မည့်ရက်စွဲကို လွန်ခဲ့သော အပတ်များစွာကတည်းက သတ်မှတ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန် အရာရှိနှစ်ဦးက ရိုက်တာသို့ ပြောကြားရာတွင် အမေရိကန်စစ်တပ်သည် အီရန်ရှိ ပစ်မှတ်များအပေါ် ဆက်တိုက်တိုက်ခိုက်မှုများ စတင်ခဲ့ကြောင်း သိရသည်။ လေကြောင်းနှင့် ရေကြောင်းစစ်ဆင်ရေးများ၏ အတိုင်းအတာကိုမူ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ယနေ့နံနက်ပိုင်းတွင် တီဟီရန်၌ ကျယ်လောင်သော ပေါက်ကွဲသံနှစ်ခုကို AFP သတင်းထောက်များ ကြားခဲ့ရပြီး အီရန်မြို့တော်၏ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင် ထူထပ်သော မီးခိုးလုံးကြီး နှစ်ခုကို တွေ့မြင်ခဲ့ရသည်။
”ပေါက်ကွဲမှု အမျိုးအစားကို ကြည့်ရင် ဒါဟာ ဒုံးကျည်တိုက်ခိုက်မှုဖြစ်တယ်ဆိုတာ ခန့်မှန်းရပါတယ်” ဟု Fars သတင်းဌာနက အသေးစိတ်အချက်အလက်များကို ချက်ချင်းမဖော်ပြဘဲ သတင်းထုတ်ပြန်ခဲ့သည်။
နောက်ပိုင်းတွင် အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက အီရန်အပေါ် “ကြိုတင်ကာကွယ်သော တိုက်ခိုက်မှု” ပြုလုပ်ကြောင်း ကြေညာခဲ့သည်။ ထိုအချိန်တွင် ဂျေရုဆလင်မြို့၌ ဥသြသံများ မြည်ဟည်းခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ပြည်သူများထံသို့ “အလွန်ပြင်းထန်သော” ခြိမ်းခြောက်မှုဆိုင်ရာ ဖုန်းသတိပေးချက်များ ပေးပို့ခဲ့သည်။
”အစ္စရေးနိုင်ငံသည် အီရန်အပေါ် ကြိုတင်ကာကွယ်သော တိုက်ခိုက်မှုတစ်ရပ် စတင်ခဲ့ပြီဖြစ်သည်။ ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ် (Israel Katz) သည် တစ်နိုင်ငံလုံးတွင် အထူးနှင့် အရေးပေါ်အခြေအနေတစ်ရပ်ကို ကြေညာလိုက်သည်” ဟု ၎င်း၏ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အီရန်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားရာတွင် တီဟီရန်သည် ပြင်းထန်သော လက်တုံ့ပြန်မှုဖြင့် တုံ့ပြန်ရန် ပြင်ဆင်နေကြောင်း သိရသည်။
Ref: CNN
