◾ ခါမေနီ၏ သား၊ သမီး၊ သားမက်နှင့် မြေးဖြစ်သူအပါအဝင် ဆွေမျိုးအချို့လည်း တိုက်ခိုက်မှုအတွင်း သေဆုံး
သတိုး
၁. ၃. ၂၀၂၆
အီရန်၏အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီသည် အစ္စရေးနှင့် အမေရိကန်တို့၏ အကြီးစားတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ယနေ့ တနင်္ဂနွေနေ့အစောပိုင်းတွင် အတည်ပြုခဲ့သည်။
ဤဖြစ်ရပ်သည် အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ အနာဂတ်ကို သံသယဖြစ်ဖွယ်ဖြစ်စေပြီး ဒေသတွင်း မတည်ငြိမ်မှုဖြစ်နိုင်ခြေကို မြင့်တက်စေခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ခါမေနီသေဆုံးမှုကို နာရီအနည်းငယ်စော၍ ကြေညာခဲ့ပြီး ဤသည်မှာ အီရန်ပြည်သူများအတွက် ၎င်းတို့၏နိုင်ငံကို “ပြန်လည်ရယူရန်” အကောင်းဆုံးအခွင့်အရေးဖြစ်သည်ဟု ဆိုခဲ့သည်။
အသက် ၈၆ နှစ်အရွယ် ခါမေနီသည် တီဟီရန်မြို့လယ်ရှိ ၎င်း၏ နေအိမ်ဝင်းကို ပစ်မှတ်ထားသည့် အမေရိကန်နှင့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ Airbus မှ ဂြိုဟ်တုဓာတ်ပုံများအရ အဆိုပါနေရာသည် အပြင်းအထန် ဗုံးကြဲခံခဲ့ရသည်ကို တွေ့ရသည်။ ၎င်း၏ရုံးခန်းတွင်ပင် ခါမေနီ သေဆုံးခဲ့ခြင်းမှာ “သူသည် ပြည်သူများကြားတွင် အစဉ်အမြဲရပ်တည်ခဲ့ပြီး တာဝန်ဝတ္တရားများ၏ ရှေ့တန်းမှနေ၍ ကမ္ဘာ့မောက်မာမှုများ (Global Arrogance) ကို ရင်ဆိုင်ခဲ့ကြောင်း ပြသနေသည်” ဟု နိုင်ငံပိုင်ရုပ်မြင်သံကြားက ဆိုသည်။
သို့သော် ထရမ့်ပ်ကမူ ”သမိုင်းမှာ အဆိုးဆုံးလူတွေထဲက တစ်ယောက်ဖြစ်တဲ့ ခါမေနီ သေသွားပါပြီ” ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ အီရန်၏ နျူကလီးယားစွမ်းဆောင်ရည်ကို ဖျက်ဆီးရန်အတွက် လိုအပ်သော တိုက်ခိုက်မှု၏ အစိတ်အပိုင်းအဖြစ် “အပြင်းအထန်နှင့် ပစ်မှတ်တိကျသော ဗုံးကြဲမှုများ” ကို တစ်ပတ်လုံးနှင့် ထို့ထက်မက ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ထရမ့်ပ်က သတိပေးခဲ့သည်။
အီရန်ဘက်ကလည်း လက်တုံ့ပြန်တိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့ပြီး ဤ “ကြီးမားသောရာဇဝတ်မှုမှာ အဖြေမရှိဘဲ ဘယ်တော့မှ ကျန်ရစ်မည်မဟုတ်” ဟု အစိုးရအဖွဲ့က သတိပေးခဲ့သည်။ တော်လှန်ရေးအစောင့်တပ်ဖွဲ့ကလည်း အစ္စရေးနှင့် အမေရိကန်စခန်းများကို ပစ်မှတ်ထား၍ သမိုင်းတစ်လျှောက် “အပြင်းထန်ဆုံး ထိုးစစ်ဆင်မှု” ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ဤတိုက်ခိုက်မှုသည် အီရန်အရေးတွင် အမေရိကန်၏ ကြားဝင်စွက်ဖက်မှုဆိုင်ရာ အံ့အားသင့်ဖွယ် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး၊ “အမေရိက ပထမ” မူဝါဒဖြင့် အာဏာရလာကာ “အဆုံးမရှိသော စစ်ပွဲများ” မှ ဝေးဝေးနေမည်ဟု ကတိပြုခဲ့သော အမေရိကန်သမ္မတအတွက်မူ ၎င်း၏ စစ်ရေးအင်အားကို သိသိသာသာ ထုတ်ဖော်ပြသလိုက်ခြင်းလည်း ဖြစ်သည်။
ခါမေနီ သေဆုံးမှုကြောင့် အီရန်တွင် ခေါင်းဆောင်မှုကွက်လပ် ဖြစ်ပေါ်လာမည်မှာ သေချာသလောက်ရှိနေသည်။ အကြောင်းမှာ ထင်ရှားသော ဆက်ခံသူ မရှိသေးခြင်းနှင့် ဘာသာရေးကိုအကြောင်းပြ ချုပ်ကိုင်ထားသော အသက် ၈၆ နှစ်အရွယ် အမြင့်ဆုံးခေါင်းဆောင်သည် ဆယ်စုနှစ်များစွာအတွင်း အဓိကမူဝါဒအားလုံးအပေါ် နောက်ဆုံးအဆုံးအဖြတ်ပေးသူ ဖြစ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
သေဆုံးမှုသတင်းများ ထွက်ပေါ်လာချိန်တွင် တီဟီရန်မြို့ရှိ မျက်မြင်သက်သေအချို့က AP သို့ ပြောကြားရာ၌ အချို့သော ဒေသခံများသည် အိမ်ခေါင်မိုးပေါ်မှ အောင်ပွဲခံခြင်း၊ လေချွန်ခြင်းနှင့် ဝမ်းသာအားရ အော်ဟစ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အီရန်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မာရှာဒ်ရှိ အီမမ်ရီဇာ (Imam Reza) ဝတ်ပြုကျောင်းတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် အလံနက်ကို လွှင့်ထူခဲ့သည်။ အီရန်အစိုးရက ရက်ပေါင်း ၄၀ ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလနှင့် ခါမေနီအား ဂုဏ်ပြုသောအားဖြင့် ၇ ရက်ကြာ တစ်နိုင်ငံလုံး အစိုးရရုံးပိတ်ရက်အဖြစ် ကြေညာခဲ့သည်။
တော်လှန်ရေးအစောင့်တပ်ဖွဲ့နှင့် နီးစပ်သည့် Fars သတင်းဌာနကမူ ခါမေနီ၏ သား၊ သမီး၊ သားမက်နှင့် မြေးဖြစ်သူအပါအဝင် ဆွေမျိုးအချို့လည်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းစစ်ဆင်ရေးကို လပေါင်းများစွာ ကြိုတင်စီစဉ်ခဲ့ခြင်းဖြစ်ပြီး၊ မွတ်စလင်တို့၏ ရာမဇာန်ဥပုသ်လအတွင်းနှင့် အီရန်၏ အလုပ်ပတ်စတင်သည့် စနေနေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဤတိုက်ခိုက်မှုသည် တုံ့ဆိုင်းနေသော ဆွေးနွေးမှုများနှင့် ထရမ့်ပ်၏ သတိပေးချက်များအပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
တိုက်ခိုက်မှုစတင်ပြီး ၁၂ နာရီအကြာတွင် အမေရိကန်စစ်တပ်က ၎င်းတို့ဘက်တွင် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် အီရန်၏ ဒုံးကျည်နှင့် ဒရုန်း ရာပေါင်းများစွာဖြင့် တိုက်ခိုက်မှုကြောင့် အမေရိကန်စခန်းများတွင် ပျက်စီးမှုအနည်းငယ်သာရှိကြောင်း ထုတ်ပြန်ခဲ့သည်။
အီရန်နိုင်ငံအတွင်းရှိ တော်လှန်ရေးအစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနများ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ဒုံးကျည်လွှတ်တင်ရေးစခန်းများနှင့် စစ်ဘက်လေယာဉ်ကွင်းများကို ပစ်မှတ်ထားခဲ့ကြောင်း ဆိုသည်။
အစ္စရေးဘက်ကမူ တော်လှန်ရေးအစောင့်တပ်ဖွဲ့ တပ်မှူး၊ ကာကွယ်ရေးဝန်ကြီးနှင့် ခါမေနီ၏ အနီးကပ်အကြံပေးဖြစ်သူ လုံခြုံရေးကောင်စီအတွင်းရေးမှူးတို့ကို သတ်ဖြတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ခါမေနီသည် “ကျွန်ုပ်တို့၏ ထောက်လှမ်းရေးနှင့် ခေတ်မီဆန်းပြားသော ခြေရာခံစနစ်များကို မရှောင်တိမ်းနိုင်ခဲ့ပေ။ အစ္စရေးနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်းကြောင့် သူနှင့်အတူ အသတ်ခံရသော အခြားခေါင်းဆောင်များ ဘာမျှမတတ်နိုင်ခဲ့ပါ” ဟု ထရမ့်ပ်က ဆိုသည်။
အီရန်သံတမန်တစ်ဦးက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပြောကြားရာ၌ ဤတိုက်ခိုက်မှုကြောင့် အရပ်သား ရာပေါင်းများစွာ သေဆုံးဒဏ်ရာရခဲ့သည်ဟုဆိုသည်။ အီရန်က အစ္စရေးနှင့် ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများသို့ ဒုံးကျည်များဖြင့် လက်တုံ့ပြန်ခဲ့ပြီး ပစ်ခတ်မှုများသည် ညပိုင်းအထိ ဆက်လက်ဖြစ်ပွားခဲ့သည်။
ဒီမိုကရက်ပါတီဝင်များကမူ ထရမ့်ပ်သည် လွှတ်တော်၏ ခွင့်ပြုချက်မပါဘဲ စစ်ရေးအရေးယူမှု ပြုလုပ်ခဲ့ခြင်းအပေါ် ပြစ်တင်ဝေဖန်ခဲ့ကြသည်။ သို့သော် အိမ်ဖြူတော်ပြောရေးဆိုဆိုခွင့်ရှိသူကမူ လွှတ်တော်ခေါင်းဆောင်များကို ကြိုတင်အသိပေးခဲ့ကြောင်း တုံ့ပြန်ခဲ့သည်။
မကြာသေးမီ သီတင်းပတ်များအတွင်း ထရမ့်ပ်အစိုးရသည် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးသော အမေရိကန်စစ်သင်္ဘောများနှင့် လေယာဉ်များကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်ခဲ့သည်။ အီရန်၏ နျူကလီးယားအခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်နေသည်ဟူသော ထောက်လှမ်းရေးသတင်းများအရ ဤတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးက ဆိုသည်။
အီရန်၏ လက်တုံ့ပြန်မှုကြောင့် တဲလ်အဗစ် (Tel Aviv) မြို့တွင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အစ္စရေးကယ်ဆယ်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ရသည်။ တီဟီရန်မြို့ မြောက်ပိုင်းရှိ ထောက်လှမ်းရေးဝန်ကြီးဌာန အဆောက်အအုံအနီးတွင်လည်း ပေါက်ကွဲမှုများ ကြားခဲ့ရသည်။
ထို့အတူ အီရန်တောင်ပိုင်းရှိ မိန်းကလေးကျောင်းတစ်ကျောင်း ထိမှန်မှုကြောင့် အနည်းဆုံး လူပေါင်း ၁၁၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပြီး၊ အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က ယင်းသတင်းကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းတစ်ခွင်တွင် လေကြောင်းခရီးစဉ်များ ပြတ်တောက်ခဲ့ပြီး၊ ဒူဘိုင်းနှင့် အဘူဒါဘီမြို့များတွင်လည်း အီရန်ဒုံးကျည်အစိတ်အပိုင်းများကြောင့် ထိခိုက်မှုများ ရှိခဲ့သည်။
ဤစစ်ဆင်ရေးကို အမေရိကန်နှင့် လပေါင်းများစွာ ညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးက အတည်ပြုသည်။ အစ္စရေးစစ်ဦးစီးချုပ်က အီရန်တစ်ဝန်းရှိ ပစ်မှတ် ရာပေါင်းများစွာကို တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ ပစ်မှတ်များတွင် အီရန်စစ်တပ်၊ အစိုးရအထိမ်းအမှတ်နေရာများနှင့် ထောက်လှမ်းရေးဆိုင်ရာ ပစ်မှတ်များ ပါဝင်သည်။ ထရမ့်ပ်က အီရန်ရေတပ်ကို “အမြစ်ပြတ်ချေမှုန်းရန်” နှင့် တီဟီရန်က ထောက်ပံ့ထားသော ဒေသတွင်း လက်နက်ကိုင်အဖွဲ့များကို ဖျက်ဆီးရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
ဤတိုက်ခိုက်မှုကြောင့် ကမ္ဘာ့လောင်စာဆီဈေးကွက်ကို လှုပ်ခတ်သွားစေနိုင်ပြီး၊ အထူးသဖြင့် ကမ္ဘာ့ရေကြောင်းရေနံတင်ပို့မှု၏ သုံးပုံတစ်ပုံ ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွက် စိုးရိမ်စရာ ဖြစ်လာသည်။
ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ ကူဝိတ်နှင့် ကာတာနိုင်ငံတို့တွင်လည်း အီရန်၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများ သို့မဟုတ် ပေါက်ကွဲသံများကို ကြားခဲ့ရသည်။ ဂျော်ဒန်နိုင်ငံကမူ ၎င်း၏လေပိုင်နက်အတွင်း ဝင်ရောက်လာသော ဒရုန်းနှင့် ဒုံးကျည် ၄၉ ခုကို ကြားဖြတ်ဖျက်ဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အီရန်၌ ခါမေနီကို ဆက်ခံမည့်သူ မည်သူဖြစ်မည်ကို အတည်မပြုနိုင်သေးဘဲ နိုင်ငံရေးအရ အကျပ်အတည်းများ ဆက်လက်ရှိနေသည်။
Ref: AP
