၂.၃.၂၀၂၆
Written By Thandar
ပရိသတ်တွေ မကြည့်ရတာကြာပြီဖြစ်တဲ့ ဖိုက်တင် အက်ရှင်ဒရာမာ ဇာတ်လမ်းပုံစံ “ဇိုးတစ်ထောင်” ရုပ်ရှင်ဇာတ်ကားကြီး နှစ်ပတ်ဆက်တိုက်ရုံတင်ခွင့် ရရှိခဲ့ပါတယ်။
“ကျွန်တော်တို့ အကုန်လုံး ကြိုစားထားကြတဲ့ အက်ရှင်ဒရာမာ ဇာတ်ခပ်ကြမ်းကြမ်း ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေက အားပေးကြလို့လည်း ကျေးဇူးတင်ပါတယ်။ အခု နှစ်ပတ်ဆက်တိုက် ရုံတင်ပြသခွင့်ရထားပါတယ်။ ဒီဇာတ်ကားကောင်းမျိုးတွေ ပရိတ်တွေ အားပေးမှုကြောင့် ဒီထက် ပိုရိုက်ကူးနိုင်ဖို့အတွက်လည်း ခွန်အားတွေဖြစ်လာတယ်လို့ ပြောလို့ရပါတယ်”လို့ YH90 Film Production က တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါဇာတ်ကားကို ဇာတ်လမ်း THS၊ ဇာတ်ညွှန်း THS၊ ဒီရေလှိုင်းနဲ့ ပြေငြိမ်းတို့ကရေးသားပြီး DOP အကယ်ဒမီ အာကာတိုး၊ တွဲဖက်ဒါရိုက်တာ 1 Dwin နဲ့ အကယ်ဒမီ သူထူးစံ ကိုယ်တိုင်က ဒါရိုက်တာအနေနဲ့ အက်ရှင်ဒရာမာဇာတ်လမ်းပုံစံ အကောင်းဆုံးရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီသူထူးစံ၊ အကယ်ဒမီအေးချမ်းမောင်၊ စိုင်းစည်တွမ်ခမ်း၊ ရွှေသမီး၊ အောင်လေး၊ နေရဲ၊ နေ့သစ်အေးအောင်၊ မင်းဟိဏ်း၊ ဘုန်းလျှံ၊ ငှက်ပျောကြော်၊ နိုင်လူ၊ မင်းဇော်၊ ကောင်းစည်သူ၊ ဥက္ကာကျော်၊ ကိုသက်၊ အောင်ကောင်းဆက်၊ ပြည့်ကောင်းစုသန့်၊ ချောသိင်္ဃာကို၊ ဧည့်သည်သရုပ်ဆောင် အကယ်ဒမီ မိုမိုမြင့်အောင်၊ နေထက်လင်း၊ ကိုမိုးသူ၊ Black-Z Stunts နဲ့ အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
ရုံပြိုင်စနစ်နဲ့ ပြသနေတဲ့ “ဇိုးတစ်ထောင်”နဲ့ “နတ်ပန်း” ရုပ်ရှင်ဇာတ်ကားကြီးတွေက ဖေဖော်ဝါရီလ ၂၇ ရက်ကစတင်ပြီး ရုပ်ရှင်နှစ်ကားလုံး နှစ်ပတ်ဆက်တိုက် ဆက်လက်ရုံတင်ပြသနေတာလည်းဖြစ်ပါတယ်။
