




၁၇.၄.၂၀၂၆
Written by Nay Young
မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပေးအပ်သည့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အင်းစိန်အကျဉ်းထောင်မှအကျဉ်းသား/အကျဥ်းသူ စုစုပေါင်း ၇၉၀ ခန့် လွတ်မြောက်လာကြောင်း အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့် နိုင်ငံတော်သမ္မတက အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၄,၃၃၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၇၉ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း ယနေ့နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ယင်းသို့ သတင်းထုတ်ပြန်ပြီးနောက် အင်းစိန်အကျဉ်းထောင်ရှေ့မှ လွတ်မြောက်လာမည့်သူများကို လာရောက်ကြိုဆိုမည့် မိသားစုဝင်များ၊ သူငယ်ချင်းများ နံနက် ၈ နာရီခန့်တွင် စတင်ရောက်ရှိ စောင့်ဆိုင်းခဲ့ကြသည်။
ထို့နောက် နံနက် ၁၀ နာရီခွဲခန့်တွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူစုစုပေါင်း
၇၉၁ ဦးကိုသယ်ဆောင်လာသည့် မီနီဘက်စ်နှင့် YBS ယာဉ်များ စတင်ထွက်လာကာ အင်းစိန်ကုန်းကျော်တံတားအနီးတွင် အကျဉ်းသားများလိုရာကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယနေ့လွတ်မြောက်လာသူများတွင် လူသိများသည့်မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီလည်း အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
