
၁၇. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်သမ္မတ ဦးမင်းအောင်ူလှိုင်က ဦးဝင်းမြင့်အား လက်ရှိကျခံရန်ကျန်ရှိနေသော ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် (၄၂ /၂ဝ၂၆) ဖြင့် ယနေ့တွင် ထုတ်ပြန်လိုက်သည်။
မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း နိုင်ငံတော် သမ္မတသည် တောင်ငူအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား ထောင်ဝင်အမှတ် တင/၂၃/ ဝဝဝ၃၅/က ဝင်းမြင့် (ဘ)ဦးထွန်းကျင်အား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ် များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။
NLD ပါတီ ကျူးလွန်သော မဲမသမာမှုတွင် ပါဝင်ခဲ့သူသမ္မတဟောင်း ဦးဝင်းမြင့် အနေဖြင့် အဂတိအမှု လေးမှုအပြင် ပုဒ်မ ၁၃၀-က တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ကိုးနှစ်နှင့် ခြောက်လ ကျခံခဲ့ရသူဖြစ်ပြီး လက်ရှိကျန်ရှိနေသော ပြစ်ဒဏ်များကို လျှော့ပေါ့ပေး၍ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
