◾️ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်အတူ တစ်ဆက်တည်း၌ပင် နိုင်ငံ၏ အဓိကလိုအပ်ချက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ကြိုးပမ်းအားထုတ် ဆောင်ရွက်သွားမည်ဟုပါ ပြောကြား
၁၇. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးလမ်းကြောင်းကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သွားကြရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးမင်းအောင်လှိုင်က မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်ကူးနှုတ်ခွန်းဆက် မင်္ဂလာစကား ပြောကြားရာတွင် အလေးအနက် တိုက်တွန်း ပြောကြားသည်။
အနာဂတ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးနှင့် နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတော်တည်ငြိမ်ရေး၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးသည် အလွန်အရေးကြီးပါကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး မိမိတို့ အစိုးရအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း တစ်စိုက်မတ်မတ် အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း ငြိမ်းချမ်းရေးပန်းတိုင်သည် မဖြစ်သင့်မဖြစ်ထိုက်သည့် ပဋိပက္ခများကြောင့် အလှမ်းဝေးနေဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“ဒါ့ကြောင့် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံမှာဖြစ်ပေါ်ခဲ့ရတဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို ထောက်ရှုပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးလမ်းကြောင်းကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်သွားကြဖို့ အလေးအနက်တိုက်တွန်းလိုပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
အလားတူ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်ထားပြီး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့အတူ တစ်ဆက်တည်းမှာပဲ နိုင်ငံရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ကြိုးပမ်းအားထုတ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လူဦးရေ၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊ ပထဝီအနေအထားနဲ့ သဘာဝအရင်းအမြစ်တွေအရ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို နည်းလမ်းတကျဆောင်ရွက်ပြီး ထုတ်ကုန်များကို တိုးမြှင့်ကြဖို့လိုအပ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
အခြားတစ်ချက်အနေဖြင့် ပြည်တွင်းစည်းလုံးညီညွတ်မှုကို နည်းမျိုးစုံနှင့်ဖြိုခွဲပြီး တိုင်းပြည်ကို ဒုက္ခရောက်အောင် လုပ်ဆောင်နေကြသည့် ပြည်တွင်းပြည်ပ ပယောဂများနှင့် အဖျက်အမှောင့်များ၏ အန္တရာယ်ကို သတိတရားနှင့် မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ကြရန် အလွန်အရေးကြီးကြောင်း၊ ယနေ့ နိုင်ငံတော်တွင် ဖြစ်ပျက်နေသည့် အဖျက်အမှောင့်များနှင့် ဆူပူအကြမ်းဖက်မှုများ၏ အခြေခံသည် ယင်းအခြေအနေများပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုတဲ့ယုံကြည်ခံယူချက်နဲ့ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူ အားလုံးဟာ နိုင်ငံချစ်စိတ်၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်တွေနဲ့ နိုင်ငံကိုတည်ဆောက်သွားကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံးဟာ “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်” “ရေကိုသား၍ ကြားမထင်” ဆိုတဲ့ စကားတွေနဲ့အညီ ချစ်ကြည်ရင်းနှီးစည်းလုံးညီညွတ်မှု အပြည့်အဝနဲ့ သာယာလှပတဲ့ နိုင်ငံတော်သစ်ကို စိတ်တူကိုယ်တူ တည်ဆောက်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
