၂၄. ၂. ၂၀၂၆
Translated by Thettant
ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရတို့အကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူညီချက်ကို အတည်ပြုသည့် “ဖက်ဒရယ်ဥပဒေ” (Federal Law) ကို ရုရှားသမ္မတ ပူတင်က လက်မှတ်ရေးထိုးအတည်ပြုလိုက်ပြီ ဖြစ်သည်ဟု ရုရှားသမ္မတရုံးက ဖေဖော်ဝါရီ ၂၀ ရက် ရက်စွဲဖြင့် တရားဝင်ထုတ်ပြန်သည်။
၎င်းသဘောတူညီချက်ပါ စည်းကမ်းချက်များအရ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီသည် မိမိတို့နိုင်ငံအတွင်းရှိ စီမံကိန်းများတွင် အခြားတစ်နိုင်ငံမှ လာရောက်သော ရင်းနှီးမြှုပ်နှံသူများအတွက် အားပေးကူညီရန်နှင့် လိုလားအပ်သော၊ အခွင့်အလမ်းကောင်းသော အခြေအနေများ ဖန်တီးပေးရန် တာဝန်ယူရမည်ဖြစ်သည်။ ထို့အပြင် အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကို မိမိတို့နိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးရမည် ဖြစ်သည်။
ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ် (SPIEF) တွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် စိန့်ပီတာစဘတ်မြို့၌ လက်မှတ်ရေးထိုးခဲ့သည်ဟု ရုရှားနိုင်ငံပိုင် သတင်းဌာနဖြစ်သော Tass သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မက်ဆင်မ် ရီရှတ်နီကော့ဗ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
ထိုသဘောတူစာချုပ်သည် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန်အတွက် ဥပဒေကြောင်းဆိုင်ရာ အခြေခံအုတ်မြစ်တစ်ခုကို ပံ့ပိုးပေးထားသည်။ ၎င်းတွင် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် အာမခံချက်များ၊ ရင်းနှီးမြှုပ်နှံသူများအတွက် ခွဲခြားမှုမရှိသော စနစ်တစ်ရပ်ကို အာမခံခြင်းနှင့် နိုင်ငံတကာ ခုံရုံးသို့ လွှဲပြောင်းခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု အငြင်းပွားမှုများကို ဖြေရှင်းရန် ခေတ်မီယန္တရားများ ပါဝင်သည်။ ရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်းများ လွယ်ကူချောမွေ့စေရေးဆိုင်ရာ ပြဋ္ဌာန်းချက်များသည် နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ အကောင် အထည်ဖော်မှုကို အရှိန်မြှင့်တင်ပေးမည်ဖြစ်သည်။
“ဒီသဘောတူစာချုပ်က မြန်မာနိုင်ငံမှာရှိတဲ့ ရုရှားစီးပွားရေးလုပ်ငန်းတွေအတွက် အခွင့်အလမ်းသစ်တွေကို ဖွင့်ပေးလိုက်တာပါ။ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်တွေမှာ ရုရှားကုမ္ပဏီတွေကို ပါဝင်စေဖို့ မြန်မာနိုင်ငံရဲ့ ဆန္ဒကို ကျွန်တော်တို့ အထူးသတိပြုမိပါတယ်။ ရုရှားနည်းပညာတွေနဲ့ ကျွမ်းကျင်မှုတွေက မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နိုင်ပါတယ်” ဟု ရီရှတ်နီကော့ဗ်က ထိုစဉ်က လက်မှတ်ရေးထိုးပြီးနောက် ပြောကြားခဲ့သည်။
ထို့အပြင်၊ အဆိုပါသဘောတူစာချုပ်သည် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ၊ သတ္တထုတ်လုပ်မှု၊ စိုက်ပျိုးရေးနှင့် ဆက်သွယ်ရေးတို့ကဲ့သို့ အလားအလာရှိသော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေအနေကောင်းများ ဖန်တီးပေးမည်ဖြစ်သည်။
အထက်ပါ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်သည် ရုရှား-မြန်မာ နှစ်ဖက်စလုံးက လိုအပ်သော ပြည်တွင်းလုပ်ထုံးလုပ်နည်းများ ပြီးစီးပြီးနောက် စတင်အသက်ဝင်မည်ဖြစ်သည်ဟုလည်း သိရသည်။
၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ကဏ္ဍစုံပိုမိုနီးကပ်စွာ ဆက်ဆံလာခဲ့သလို ပြီးခဲ့သည့် မတ်လတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် အသေးစားနျူကလီးယားစက်ရုံ တည်ဆောက်ရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပြင် ယင်းမတိုင်မီ တစ်လအလိုကလည်း နှစ်နိုင်ငံအကြား ထားဝယ်စီးပွားရေးဇုန်၌ ဆိပ်ကမ်းနှင့် ရေနံချက်စက်ရုံ တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
Ref, President of Russia, Tass & The Straits Times
