၁၀.၂.၂၀၂၆
Written by Nay Yaung Lin
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင် စတင်ဖွဲ့စည်းစဉ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် သီရိပျံချီ ဦးဝင်းမြ (အငြိမ်းစား သံအမတ်ကြီး)သည် ဖေဖော်ဝါရီ ၇ ရက်က ကွယ်လွန်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာ၏ နာရေးကြော်ငြာ၌ ဖော်ပြထားမှုအရ သိရသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင် ဥက္ကဋ္ဌ(ငြိမ်း) သီရိပျံချီ ဦးဝင်းမြသည် Victoria Hospital ၌ ဖေဖော်ဝါရီ ၇ ရက်၊ ည ၈ နာရီ ၃၂ မိနစ်တွင် ကွယ်လွန်ခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်၊ မွန်းလွဲ ၁ နာရီတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း နာရေးကြော်ငြာတွင် ဖော်ပြထားသည်။

ကွယ်လွန်ချိန်တွင် အသက် ၈၄ နှစ်ရှိပြီဖြစ်သည့် ဦးဝင်းမြသည် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်၌ ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ စက်တင်ဘာအထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၂၃/၂၀၁၄) ဖြင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယင်းကော်မရှင်တွင်လည်း ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ကာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီအထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
