◾️ နောက်ဆုံးချမှတ်သည့် ပေကျင်း၏ လူမှုစီးပွားရေးမူဘောင်တွင် နည်းပညာဦးဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုယ့်အားကိုယ်ကိုးနိုင်စွမ်းရှိရေးကို ဦးစားပေးထားချိန်တွင် ယခုခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်
သက်တံ့
၁၀. ၂. ၂၀၂၆
အနာဂတ်စက်မှုကဏ္ဍများကို စိုးမိုးရန် ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှုဖြစ်ပွားနေချိန်တွင် တရုတ်နိုင်ငံ၏ အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်မှုအပေါ် အထူးအာရုံစိုက်လာမှုကို မီးမောင်းထိုးပြသည့်အနေဖြင့် သမ္မတရှီကျင့်ဖျင်သည် ပေကျင်းရှိ ဟိုက်တက် (Hi-tech) ဥယျာဉ်တစ်ခုသို့ သွားရောက်ကာ သတင်းအချက်အလက်နည်းပညာ ဆန်းသစ်တီထွင်မှု တိုးတက်မှုအခြေအနေများကို စစ်ဆေးခဲ့သည်။
ရှီကျင့်ဖျင်သည် ပေကျင်းမြို့တောင်ဘက် ဆင်ခြေဖုံးရှိ ရီကျွမ်း (Yizhuang) နယ်မြေတွင် တည်ရှိသော အမျိုးသားသတင်းအချက်အလက်နည်းပညာ အသုံးချဆန်းသစ်တီထွင်မှုဥယျာဉ် (National Information Technology Application Innovation Park) သို့ သွားရောက်စစ်ဆေးခဲ့ပြီး Xiaomi စီအီးအို လေကျင်း (Lei Jun) အပါအဝင် စီးပွားရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။
တရုတ်နိုင်ငံသည် နည်းပညာမှတစ်ဆင့် တိုးတက်မှုကို မြှင့်တင်ရန်နှင့် ငါးနှစ်တာစီမံကိန်းအသစ်ကို အားကောင်းစွာ စတင်နိုင်ရန် ကြိုးပမ်းနေစဉ် ဤခရီးစဉ်သည် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ တွန်းအားပေးမှုကို ပေါ်လွင်စေခဲ့သည်။
ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ ရှီကျင့်ဖျင်သည် တရုတ်စီးပွားရေး၏ “အဓိကမောင်းနှင်အားဖြစ်သော ဆန်းသစ်တီထွင်မှု” ကို အလွန်အလေးထားကြောင်း သိရသည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က ၅ ရာခိုင်နှုန်း တိုးတက်မှုရရှိရန် ရည်မှန်းချက် ပြည့်မီခဲ့သော်လည်း နှစ်ရှည်ကြာဖြစ်ပွားနေသော အိမ်ခြံမြေစျေးကွက် ကျဆင်းမှု၊ ရင်းနှီးမြှုပ်နှံသူနှင့် စားသုံးသူများ၏ ယုံကြည်မှုအားနည်းခြင်း အစရှိသည့် စိန်ခေါ်မှုများနှင့် ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်။
တစ်ဖက်တွင်လည်း ဉာဏ်ရည်တု (AI) ကဲ့သို့သော ကဏ္ဍများတွင် သုတေသနပြုခြင်း၊ ဆန်းသစ်တီထွင်ခြင်းနှင့် ကုန်သွယ်မှုပြုခြင်းဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှုများကြားတွင် နည်းပညာတိုးတက်မှုကို အမြင့်ဆုံးဦးစားပေးအဆင့်သို့ မြှင့်တင်ထားသည်။
ခရီးစဉ်အတွင်း ရှီကျင့်ဖျင်သည် ခေတ်မီဆန်းသစ်သော အောင်မြင်မှုများကို ကြည့်ရှုခဲ့ပြီး သုတေသီများ၊ နည်းပညာလုပ်ငန်းရှင် ကိုယ်စားလှယ်များနှင့် စကားပြောဆိုခဲ့ကြောင်း ဆင်ဟွာက ဖော်ပြသည်။ ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ဤဥယျာဉ်သည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ အောင်မြင်မှုများကို ဓာတ်ခွဲခန်းမှ စက်မှုလုပ်ငန်းခွင်သို့ လျင်မြန်စွာ ကူးပြောင်းနိုင်ရန် ရင်းမြစ်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး စီပီယူ (CPU)၊ လုပ်ငန်းလည်ပတ်မှုစနစ်များ (OS)၊ ဒေတာဘေ့စ်များနှင့် အခြားနယ်ပယ်များရှိ ကုမ္ပဏီပေါင်း ၁,၀၀၀ ခန့် အခြေစိုက်ထားသည်။
ထို့အပြင် နိုင်ငံတော်၏ ဆန်းသစ်တီထွင်မှု အားကောင်းစေရေး ရည်မှန်းချက်များနှင့်အညီ ဤဥယျာဉ်သည် AI၊ ကွမ်တမ်သတင်းအချက်အလက် (Quantum Information)၊ 6G နှင့် အသိဉာဏ်မြင့် ဟာ့ဒ်ဝဲ (Intelligent Hardware) ကဲ့သို့သော နယ်ပယ်သစ်များသို့လည်း တိုးချဲ့ထားသည်။
အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် ၁၅ ကြိမ်မြောက် ငါးနှစ်တာစီမံကိန်း အဆိုပြုချက်တွင် “တရုတ်ပုံစံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး” အတွက် သိပ္ပံနှင့် နည်းပညာတိုးတက်မှုသည် အချက်အချာဖြစ်ကြောင်း အလေးပေးဖော်ပြထားသည်။ ၎င်းစီမံကိန်းတွင် “အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားစုများ ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်ရန် အဆင့်မြင့် သိပ္ပံနှင့်နည်းပညာ ကိုယ့်အားကိုယ်ကိုးမှုကို အရှိန်မြှင့်တင်ရေး” ဟူသော သီးခြားအခန်းကဏ္ဍတစ်ခု ပါဝင်ပြီး ကဏ္ဍစုံတွင် ထိပ်တန်းနေရာရရှိရန် တောင်းဆိုထားသည်။
“အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားစုများ” (New quality productive forces) ဆိုသည်မှာ နည်းပညာဆိုင်ရာ အောင်မြင်မှုများနှင့် စက်မှုကဏ္ဍ အဆင့်မြှင့်တင်မှုများကို အလေးပေးသည့် ပေကျင်း၏ ဖွံ့ဖြိုးတိုးတက်မှု ပုံစံသစ်ကို ဆိုလိုခြင်းဖြစ်သည်။
ပြီးခဲ့သည့်လက ပေကျင်းရှိ ဗဟိုပါတီသင်တန်းကျောင်းတွင် ရှီကျင့်ဖျင်က အဆင့်မြင့်အရာရှိကြီးများကို ပြောကြားရာ၌ ပေါ်ထွက်လာသော နည်းပညာတော်လှန်ရေးကို ခေတ်ကာလ၏ အခြေအနေအရပ်ရပ်ကို အကဲဖြတ်ရာတွင် အရေးပါသော အချက်တစ်ချက်အဖြစ် သဘောထားသင့်ကြောင်း ပြောကြားခဲ့သည်။
၎င်းက ပါတီကေဒါများအနေဖြင့် ဒေသဆိုင်ရာ အခြေအနေများနှင့်အညီ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားစုများကို ဖော်ဆောင်ရန်နှင့် သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုကို စက်မှုကဏ္ဍဆန်းသစ်တီထွင်မှုနှင့် ပိုမိုနက်ရှိုင်းစွာ ပေါင်းစပ်ရန် တိုက်တွန်းခဲ့သည်။
