နေမိုး
၁၀. ၂. ၂၀၂၆
ပဲခူးတိုင်းမှာ ထကြွနေတဲ့ လက်နက်ကိုင်တွေ ခိုလှုံစခန်းချနေတဲ့အိမ်ကို လုံခြုံရေးတပ်ဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်လိုက်တာမှာ နေအိမ်အတွင်းခိုလှုံနေတဲ့ PDF တွေ ၆ လောင်းပြိုင် သေဆုံးသွားတယ်လို့ Bamar Revolution Army က ဒီနေ့မှာ ဝန်ခံလာပါတယ်။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က ရွာတစ်ရွာမှာ ဖေဖော်ဝါရီ ၆ ရက် နံနက် ၉ နာရီဝန်းကျင်အချိန်က PDF ကင်းစခန်းအဖြစ်ပြုလုပ်ထားတဲ့ နေအိမ်ပေါ် လုံခြုံရေးတပ်ဖွဲ့က ဒေသခံပြည်သူတွေရဲ့ အတိအကျသတင်းပေးပို့မှုနဲ့ထောက်လှမ်းပြီး ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်ရာမှာ နှစ်ထပ်နေအိမ်တစ်လုံးပေါ်တည့်တည့်ထိမှန်ပြီး နေအိမ်ထဲရှိနေတဲ့ PDF တပ်စုမှူးအပါအဝင် PDF ၆ ဦးစလုံး ၆ လောင်းပြိုင်သေဆုံးသွားတာပါ။
လုံခြုံရေးတပ်ဖွဲ့ရဲ့ တိကျတဲ့တိုက်ခိုက်မှုအတွင်း သေကုန်တဲ့ PDF တွေက သာယာဝတီခရိုင်- ၃၈၀၁ တပ်ရင်း တပ်ခွဲ (၄) Bamar Revolution Army က အသက် ၂၀ နဲ့ ၃၀ ကြားအရွယ် PDF တွေဖြစ်တဲ့ PDF တပ်စုမှူး မိုးစက်နဲ့ အခြား PDF တွေဖြစ်တဲ့ နေကြီး၊ ရှိုင်းလေး၊ မဲလုံး၊ ကြွက်နီနဲ့ နောက်တိုးတို့ သေဆုံးကုန်တာဖြစ်ပြီး သူတို့ရဲ့ အသုဘကျင်းပမှုကိုတော့ ဇန်နဝါရီ ၇ ရက်က ပြုလုပ်ခဲ့ပါတယ်။





