၁၀.၂.၂၀၂၆
Written by Nay Yaung Lin
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) သည် ၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအလိုက် ခိုင်လုံမဲရရှိမှုရာခိုင်နှုန်းနှင့် အနိုင်ရလွှတ်တော် ကိုယ်စားလှယ်အရေအတွက်တို့ကို ကြေညာချက်အမှတ် ( ၃၄ / ၂ဝ၂၆ )ဖြင့် ဖေဖော်ဝါရီ ၉ ရက်ညပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
ပြည်ထောင်စုတစ်ဝှမ်းလုံး မဲဆွယ်စည်းရုံးဝင်ပြိုင်သည့် နိုင်ငံရေးပါတီ (၆) ခုတွင် ခိုင်လုံမဲရရှိမှုရာခိုင်နှုန်းအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရာခိုင်နှုန်းအများဆုံးဖြင့် ပထမနေရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဒုတိယနေရာ၊ ပြည်သူ့ပါတီက တတိယနေရာ၊ ပြည်သူ့ရှေ့ဆောင်ပါတီက စတုတ္ထနေရာ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)က ပဉ္စမနေရာနှင့် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ဆဋ္ဌမနေရာ အသီးသီးရပ်တည်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါဝင်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ် ၆၈၇ နယ်တွင် ကိုယ်စားလှယ်စုစုပေါင်း ၁၀၁၇ ဦးယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရကိုယ်စားလှယ် ၇၃၉ ဦးရှိခဲ့ကာ ခိုင်လုံမဲရရှိမှုစုစုပေါင်း ၅၈၀၄၀၂၅ မဲ၊ ခိုင်လုံမဲရရှိမှုရာခိုင်နှုန်း ၄၄ ဒသမ ၁၉ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ပါဝင်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ် ၄၆၆ နယ်တွင် ကိုယ်စားလှယ်လောင်း ၆၈၉ ဦးဖြင့် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရကိုယ်စားလှယ် ၆၈ ဦးရှိခဲ့ကာ ခိုင်လုံမဲစုစုပေါင်း ၁၇၄၄၉၄၃ မဲ၊ ခိုင်လုံမဲရရှိမှုရာခိုင်နှုန်း ၁၃ ဒသမ ၂၈ ရာခိုင်နှုန်းရရှိခဲ့သည်။
ဆက်လက်၍ ပြည်သူ့ပါတီက ပါဝင်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ် ၃၆၃ နယ်တွင် ကိုယ်စားလှယ်လောင်း ၄၉၈ ဦးဖြင့် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရကိုယ်စားလှယ် ၃၀ ဦးရှိခဲ့ကာ ခိုင်လုံမဲစုစုပေါင်း ၁၁၅၅၈၁၇ မဲ၊ ခိုင်လုံမဲရရှိမှုရာခိုင်နှုန်း ၈ ဒသမ ၈၀ ရာခိုင်နှုန်းရရှိခဲ့သည်။
ပြည်သူ့ရှေ့ဆောင်ပါတီက ပါဝင်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ် ၄၆၆ နယ်တွင် ကိုယ်စားလှယ်လောင်း ၆၆၁ ဦးဖြင့် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရကိုယ်စားလှယ် ၂၀ ဦးရှိခဲ့ကာ ခိုင်လုံမဲစုစုပေါင်း ၁၀၀၀၈၁၅ မဲ၊ ခိုင်လုံမဲရရှိမှုရာခိုင်နှုန်း ၇ ဒသမ ၆၂ ရာခိုင်နှုန်းရရှိခဲ့သည်။
ကျားဖြူပါတီက ပါဝင်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ် ၃၈၆ နယ်တွင် ကိုယ်စားလှယ်လောင်း ၅၇၅ ဦးဖြင့် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရကိုယ်စားလှယ် ၃၉ ဦးရှိခဲ့ကာ ခိုင်လုံမဲစုစုပေါင်း ၈၀၂၄၁၄ မဲ၊ ခိုင်လုံမဲရရှိမှုရာခိုင်နှုန်း ၆ ဒသမ ၁၁ ရာခိုင်နှုန်းရရှိခဲ့သည်။
မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ပါဝင်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ် ၂၈၂ နယ်တွင် ကိုယ်စားလှယ်လောင်း ၄၂၁ ဦးဖြင့် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရကိုယ်စားလှယ် ၆ ဦးရှိခဲ့ကာ ခိုင်လုံမဲစုစုပေါင်း ၆၉၁၆၂၈ မဲ၊ ခိုင်လုံမဲရရှိမှုရာခိုင်နှုန်း ၅ ဒသမ ၂၇ ရာခိုင်နှုန်းရရှိခဲ့သည်။
ထို့ပြင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) က ခိုင်လုံမဲရရှိမှုစုစုပေါင်း ၃၃၁၃၃၁၊ ခိုင်လုံမဲရရှိမှုရာခိုင်နှုန်း ၂ ဒသမ ၅၂ ရရှိခဲ့ပြီး အနိုင်ရကိုယ်စားလှယ် ၁၈ ဦး၊ မွန်ညီညွတ်ရေးပါတီက ခိုင်လုံမဲရရှိမှုစုစုပေါင်း ၁၄၅၇၈၆ မဲ၊ ခိုင်လုံမဲရာခိုင်နှုန်း ၁ ဒသမ ၁၁ ရာခိုင်နှုန်းရရှိခဲ့ပြီး အနိုင်ရကိုယ်စားလှယ် ၁၇ ဦး၊ ကရင်ပြည်သူ့ပါတီက ခိုင်လုံမဲရရှိမှုစုစုပေါင်း ၁၂၄၈၀၅ မဲ၊ ခိုင်လုံမဲရာခိုင်နှုန်း ၀ ဒသမ ၉၅ ရာခိုင်နှုန်းရရှိခဲ့ပြီး အနိုင်ရကိုယ်စားလှယ် ၃ ဦးရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအနေဖြင့် ပါဝင်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ် ၈၆ နယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၉၁ ဦးရှိခဲ့ပြီး တစ်ဦးသာ အနိုင်ရရှိခဲ့ကာ ခိုင်လုံမဲစုစုပေါင်း ၃၀၃၀၈၅ မဲ၊ ခိုင်လုံမဲရရှိမှုရာခိုင်နှုန်း ၂ ဒသမ ၃၁ ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက် ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၆၃ နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၉၉ နယ်၊ တိုင်းဒေသကြီး လွှတ်တော်သို့မဟုတ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂၉၇ နယ်နှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး လွှတ်တော်အလိုက် မဲဆန္ဒနယ်အသီးသီးတွင် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လောင်း တစ်ဦးချင်းရရှိသည့် မဲရလဒ်များနှင့် ရာခိုင်နှုန်းများ၊ ပါတီအလိုက်ရရှိသည့် ကိုယ်စားလှယ်အရေ အတွက်တို့ကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထို့နောက် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအလိုက် ပါဝင်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်၊ ပါဝင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်အရေအတွက်၊ ခိုင်လုံမဲရရှိမှုအခြေအနေ၊ ခိုင်လုံမဲရရှိမှုရာခိုင်နှုန်းနှင့် အနိုင်ရလွှတ်တော် ကိုယ်စားလှယ်အရေအတွက်တို့အား ပူးတွဲပါဇယားအတိုင်း ဆက်လက် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
