




MT News
၁၀. ၂. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီနှင့် အာကာသပြတိုက်(ရန်ကုန်)တို့က ကြီးမှူးပြီး အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာ ပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက်(ရန်ကုန်)မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပသွားမယ်လို့ သိရပါတယ်။
ဒီပန်းချီပြိုင်ပွဲကို အာကာသသိပ္ပံနဲ့ နည်းပညာတွေကို စိတ်ဝင်စားပြီး အနုပညာကတစ်ဆင့် သိပ္ပံဆိုင်ရာ စိတ်ကူးစိတ်သန်းတွေ ဖော်ထုတ်ပြသနိုင်ဖို့ ရည်ရွယ် ကျင်းပတာဖြစ်ပြီး ပြိုင်ပွဲဝင်တွေရဲ့ စိတ်ကူးစိတ်သန်း တီထွင်ဆန်းသစ်မှု၊ အနုပညာကျွမ်းကျင်မှု၊ မြန်မာ့အငွေ့အသက်နဲ့ အာကာသနယ်ပယ်တွေကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားရှိမှု စတဲ့ အချက်တွေအပေါ်မှာ အမှတ်ပေးသွားမှာ ဖြစ်ပါတယ်။
အခုပြိုင်ပွဲမှာဆိုရင် အခြေခံပညာ မူလတန်းအဆင့်အတွက် “အာကာသသူရဲကောင်း”၊ အခြေခံပညာ အလယ်တန်းအဆင့်အတွက် “စူးစမ်းလေ့လာ အာကာသကမ္ဘာ”နဲ့ အထက်တန်းအဆင့်အတွက် “အနာဂတ် အာကာသနည်းပညာ” စတဲ့ ခေါင်းစဉ်တွေနဲ့ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ ဆုရရှိသူတွေကို ဆုတံဆိပ်တွေ၊ ဂုဏ်ပြုလက်မှတ်တွေ ချီးမြှင့်သွားမယ့်အပြင် ပါဝင်ယှဉ်ပြိုင်သူ အားလုံးကိုလည်း Certificate တွေ၊ အမှတ်တရ လက်ဆောင်တွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆုချီးမြှင့်မှုအဖြစ်လည်း မူလတန်းအဆင့်ပြိုင်ပွဲဝင်ကို ပထမဆု ကျပ် ၅ သိန်း၊ ဒုတိယဆု ကျပ် ၄ သိန်း၊ တတိယဆု ကျပ် ၃ သိန်း အထူးဆု ၁၀ ဆုအတွက် တစ်ဆု ကျပ် ၂ သိန်းစီ ချီးမြှင့်ပေးသွားမှာပါ။
အလားတူ အလယ်တန်းအဆင့်ပြိုင်ပွဲဝင်တွေကို ပထမဆု ကျပ် ၇ သိန်း၊ ဒုတိယဆု ကျပ် ၆ သိန်း၊ တတိယဆု ကျပ် ၅ သိန်း အထူးဆု ၁၀ ဆုအတွက် တစ်ဆု ကျပ် ၃ သိန်းစီနဲ့ အထက်တန်းအဆင့်အတွက် ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ကျပ် ၉ သိန်း၊ တတိယဆု ကျပ် ၈ သိန်း အထူးဆု ၁၀ ဆုအတွက် တစ်ဆု ကျပ် ၅ သိန်းစီ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ အခြေခံပညာ အထက်တန်းအဆင့်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အခြေခံပညာ မူလတန်းအဆင့်နဲ့ မတ်လ ၁ ရက်နေ့မှာ အခြေခံပညာ အလယ်တန်းအဆင့်တို့က ကျောင်းသူ/ကျောင်းသားတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ ၄ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပါဝင်ယှဉ်ပြိုင်လိုတဲ့ ကျောင်းသူ/ကျောင်းသားတွေ အနေနဲ့ မိမိတို့ သက်ဆိုင်ရာ ကျောင်းတွေကတစ်ဆင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နောက်ဆုံးထားပြီး ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးကို စာရင်းပေးသွင်း လျှောက်ထားရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အာကာသပြတိုက်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သွားမယ့် ဒီ အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာ ပြိုင်ပွဲ (အခြေခံပညာအဆင့်) ကြီးမှာ ကျောင်းသားကျောင်းသူ ၆၀၀၀ ကျော် ပါဝင်ယှဥ်ပြိုင်သွားမယ့်အခြေအနေရှိတယ်လို့လည်းသိရပြီး ကြီးကျယ်ခမ်းနားစွာကျင်းပသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
