◾️ ယခုရရှိလာသည့် ရွေးကောက်ပွဲ ရလဒ်များကိုလည်း ပါတီများအနေဖြင့် သံသယရှိပါက ရွေးကောက်ပွဲကော်မရှင်သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်နိုင်
◾️ သမာသမတ်ရှိရှိ စနစ်တကျ ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ယခုအချိန်အထိ နိုင်ငံရေးပါတီများမှ ကန့်ကွက်ခဲ့မှုမရှိကြောင်းလည်း UEC က ရှင်းလင်းတင်ပြ
၉. ၂. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသိက္ခာရှိသော အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့ တွေ့ဆုံစဉ် ပြောကြားသည်။
မိမိတို့အစိုးရအဖွဲ့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် နိုင်ငံတော်ကို တာဝန်ယူခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုကြောင့် မိမိတို့ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲဖြစ်စေရေး ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

ရွေးကောက်ပွဲ ကျင်းပရာတွင် နိုင်ငံတော်အနေဖြင့် ငွေကြေးကုန်ကျမှုများ များစွာရှိသော်လည်း ရွေးကောက်ပွဲကို အပိုင်းအလိုက်ခွဲ၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သဖြင့် ငွေကြေးကုန်ကျမှုကို သက်သာစေခဲ့သကဲ့သို အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုနှင့် လုံခြုံရေးဆိုင်ရာများကိုလည်း စနစ်တကျ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ ကျင်းပချိန်မတိုင်မီကတည်းက စနစ်တကျဖြင့် ကြိုတင်ပြင်ဆင်၍ ဆောင်ရွက်ရမည်ကို သင်ခန်းစာဖော်ထုတ်နိုင်ကြောင်း၊ ပါတီ၏မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများအား ပြည်သူများ သိရှိစေရေး ဆောင်ရွက်ပြီး စည်းရုံးဆောင်ရွက်ကြရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့အတူ နောင်တစ်ချိန် ပြုလုပ်သွားမည့် ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုရရှိလာသည့် ရွေးကောက်ပွဲ ရလဒ်များကိုလည်း ပါတီများအနေဖြင့် သံသယရှိပါက ရွေးကောက်ပွဲကော်မရှင်သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်နိုင်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင် (UEC) ဥက္ကဋ္ဌက ပြန်လည်တင်ပြခဲ့ရာတွင် ရွေးကောက်ပွဲကို သမာသမတ်ရှိရှိ စနစ်တကျ ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ယခုအချိန်အထိ နိုင်ငံရေးပါတီများမှ ကန့်ကွက်ခဲ့မှုမရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
အထက်ပါဆွေးနွေးမှုများအပြင် မိမိတို့လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်မှတ်တမ်းများကို စနစ်တကျဖြင့် ပြုစုဆောင်ရွက်ထားကြရန်လိုကြောင်း၊ “နှုတ်တစ်ရာ စာတစ်လုံး” ဆိုသည့်အတိုင်း ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များအလိုက် အချက်အလက် များမှန်မှန်ကန်ကန်ဖြင့် စနစ်တကျ မှတ်တမ်းတင်ပြုစုထားရှိရန်လိုကြောင်း ယာယီသမ္မတက မှာကြားသည်။

အလားတူ နောင်တက်လာမည့် အစိုးရအဖွဲ့အနေဖြင့် အချက်အလက်များ မှန်မှန်ကန်ကန်ဖြင့် နိုင်ငံတော်တာဝန်များကို ချောချောမွေ့မွေ့ ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ယာယီသမ္မတက မှာကြားသည်။
နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမောင်းနှင်အားသည် အဓိကကျကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ကျန်ရှိနေသည့် အချိန်အတွင်း နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်းလည်း ယာယီသမ္မတက မှာကြားသည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ရသမျှအချိန်အတွင်း နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများကိုအခြေခံ၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်လည်း ယာယီသမ္မတက ဆက်လက် မှာကြားသည်။
