၉.၂.၂၀၂၆
Written by Linn Eain
မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလမြစ်ကူးတံတားအသုံးပြုခအ ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)က စတင်၍ ကောက်ခံမည်ဖြစ်ကြောင်း အဆိုပါတံတားအနီးတွင် လက်ကမ်းကြော်ငြာများ ဖြန့်ဝေ၍အသိပေးထားသည်။
တံတားအသုံးပြုခ ကောက်ခံမှုကို ဒလဘက်ခြမ်းရှ်ိ တံတားတိုးဂိတ်တွင်သာ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ တံတားအသုံးပြုမှုကို ယာဉ်အမျိုးအစားများအလိုက် ကောက်ခံသွားမည်ဖြစ်ပြီး အိမ်စီးကား(၃)တန်အောက်တစ်စီးကို ကျပ် ၅၀၀၊ ခရီးသည်တင်ယာဉ်(ငယ်)တစ်စီးကို ကျပ် ၁၀၀၀၊ ခရီးသည်တင်ယာဉ်(အလတ်)နှင့် ခရီးသည်တင်ယာဉ်(အကြီး) တစ်စီးကို ကျပ် ၂၀၀၀ အသီးသီးကောက်ခံသွားမည်ဖြစ်သည်။





ထို့ပြင် ရန်ကုန်-ဒလ YBS ယာဉ်လိုင်းပြေးဆွဲရန်အတွက် စီစဉ်နေပြီး YBS(City Bus) ယာဉ်များ ဖေဖော်ဝါရီ ၆ ရက်က စမ်းသပ်ပြေးဆွဲခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မူကော်မတီ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတားကို ၂၀၁၉ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်တွင် နိုင်ငံတော်ယာယီသမ္မတ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါတံတားကို ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ရန်ပုံငွေချေးငွေအပြင် အစိုးရထည့်ဝင်ငွေ အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၈၈)သန်းကျော် အကုန်အကျခံ တည်ဆောက်ခဲ့ပြီး နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေထဲမှ မြန်မာငွေ ကျပ် ၂၃ ဘီလျံကျော် ဖြည့်စွက်ကာ ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါတံတားကြီးသည် စုစုပေါင်း တံတားအရှည် ၁၈၆၈ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်း သွားတံတား၊ ဘိုးပိုင်အုတ်မြစ်၊ သံကူ ကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်း တံတားဖြစ်ပြီး တံတား၏ ခံနိုင်ဝန်မှာ ၇၅ တန်၊ တံတားအမြင့်မှာ မီတာ ၇၀ ကျော်ရှိကြောင်း သိရသည်။
