၉.၂.၂၀၂၆
Written by Linn Eain
မိမိအမှုသည်၏ အတွင်းရေးများကို Social Media တွင် ဖြန့်ဝေခြင်း၊ WMT Law Firm အမည်ဖြင့် လိင်တူ လိင်ကွဲများ၏ လက်ထပ်စာချုပ်များ၊ နိုင်ငံခြားသားများနှင့် မြန်မာအမျိုးသမီးများ၏ လက်ထပ်စာချုပ်များ ပြုလုပ်ပေးခြင်းအပါအဝင် အခြားချိုးဖောက်မှုများကြောင့် အထက်တန်းရှေ့နေတစ်ဦးကို ရှေ့နေများအက်ဥပဒေပုဒ်မအရ အထက်တန်းရှေ့နေအဖြစ်မှ ထုတ်ပယ်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးက အမိန့်အမှတ် (၃၁ /၂ဝ၂၆)ဖြင့် ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
အဆိုပါထုတ်ပြန်ချက်အရ အထက်တန်းရှေ့နေတစ်ဦးဖြစ်ပြီး WMT Law Firm တည်ထောင်သူ ဒေါ်ဝေမျိုးသစ် (လိုင်စင်အမှတ်-၅၂၇၈၇)သည် ရှေ့နေရှေ့ရပ်များစောင့်ထိန်းအပ်သော ကျင့်ဝတ်သိက္ခာများ ချိုးဖောက်နေသဖြင့် အရေးယူပေးပါရန် တင်ပြစာကို စိစစ်ပြီးနောက် ၎င်းအပေါ် ဗိုလ်တထောင်ခရိုင်တရားရုံး၏ စုံစမ်းစစ်ဆေးမှု အမှတ် ၂/၂၀၂၅ ဖြင့် စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်တရားသူကြီးတစ်ဦးက “ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တရားလွှတ်တော်ချုပ်တရားသူကြီးတွေပါတဲ့အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာပါ။ ဆုံးဖြတ်ချက်အမိန့်တွေကို အောက်ရုံးတွေဖြစ်တဲ့ ခရိုင်တွေ၊ တိုင်းတွေ၊ မြို့နယ်တွေကို အကုန်လုံးကို ပို့ပေးတယ်။ ဒီရှေ့နေ၊ ဒီရှေ့နေကိုတော့ သူတို့အစည်းအဝေးဆုံးဖြတ်ချက်အရ ရှေ့နေအဖြစ်ကနေ ပယ်ဖျက်လိုက်တယ်ဆိုတာပါ။ အောက်ရုံးတွေမှာ ဒီရှေ့နေတွေက အမှုလာလိုက်ရင် လုံး၀လက်မခံဖို့ပါ။ အစည်းအဝေးတစ်ခေါက်လုပ်ရင် အယောက် ဆယ်ဂဏန်းခန့်ကို ပယ်ဖျက်တာရှိပါတယ်။ ဒေါ်ဝေမျိုးသစ်ကို အထက်တန်းရှေ့နေအဖြစ်က ပယ်ဖျက်လိုက်တဲ့ အမိန့်စာ ကျွန်တော်တို့ရုံးကိုလည်း ရောက်ပါတယ်။ အခြားရှေ့နေတွေကိုလည်း ပယ်ဖျက်တဲ့စာလည်း ရောက်ပါတယ်”ဟု စုံစမ်းမှုရလဒ်အပေါ် ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ ဒေါ်ဝေမျိုးသစ်သည် မိမိအမှုသည်၏ အတွင်းရေးများကို Social Media တွင် ဖြန့်ဝေခြင်း၊ WMT Law Firm အမည်ဖြင့် လိင်တူ လိင်ကွဲများ၏ လက်ထပ်စာချုပ်များ၊ နိုင်ငံခြားသားများနှင့် မြန်မာအမျိုးသမီးများ၏ လက်ထပ်စာချုပ်များပြုလုပ်ပေးခြင်း၊ ယင်းသို့ပြုလုပ်ပေးသည့် ဓာတ်ပုံများကို Social Media တွင် ထည့်သွင်း ကြော်ငြာခဲ့ခြင်း၊ Divorce Legal Consultant အဖြစ် Social Media တွင် WMT အမည်ဖြင့် Channel တစ်ခုတည်ထောင်ကာ မီဒီယာများမှ အင်တာဗျူးဟန်ရိုက်ကူး၍ ဥပဒေအသိမှားများ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရှေ့နေလိုင်စင် ကိုင်ဆောင်ထားသည့် ရှေ့နေတစ်ဦးအနေဖြင့် ကျင့်ဝတ်သိက္ခာဖောက်ဖျက်ခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် Social Media တွင် “တရားသူကြီးမှ မဆုံးဖြတ်ခင် ကျွန်မက အရင်ဆုံးဖြတ်ပေးမည်” ဆိုသည့် ဗွီဒီယိုဖိုင်ကို တင်ခြင်းဖြင့် တရားရုံးများကို မထီမဲ့မြင်ပြုရာရောက်သည့် အပြုအမူများကို သတိထားရှောင်ရှားရမည့် ကျင့်ဝတ်ကို ဖောက်ဖျက်ခြင်း၊ ခင်ပွန်းဖြစ်သူ၏ ဆောက်လုပ်ရေးလုပ်ငန်းနှင့် Music School လုပ်ငန်းတွင် ပါဝင်လုပ်ဆောင်ပြီး အခြားဝင်ငွေရလုပ်ငန်း လုပ်ကိုင်ခြင်းကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့သတင်းပို့ရန် ပျက်ကွက်ခြင်း၊ Social Media တွင် ပြုမူပြောဆိုချက်များသည် ရှေ့နေတစ်ဦးအဖြစ် မလျော်သည့်အပြုအမူများကိုပြုခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဆက်လက်၍ အမှုသည်များအား ဥပဒေ အကြံပေးဆွေးနွေးရာတွင် ရှေ့နေခ အဆမတန်တောင်းခံခြင်း၊ ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသည့် လက်မှတ်တင်ပြနိုင်ခြင်းမရှိဘဲ WMT Law Firm အမည်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ပေါ်ပေါက်ခြင်း၊ ကြီးကြပ်ရေးအာဏာပိုင်၏ AML/CFT ဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာရန် ပျက်ကွက်ကြောင်း ပေါ်ပေါက်ခြင်းတို့ကြောင့် ရှေ့နေများအက်ဥပဒေပုဒ်မ ၁၃ ကို ဖောက်ဖျက်ကြောင်း စိစစ်တွေ့ရှိရကြောင်း ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၏ အမိန့်အမှတ် (၃၁ /၂ဝ၂၆) တွင်ဖော်ပြထားသည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများ၏ (၁၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် အဆိုပါကိစ္စကို တင်ပြခဲ့ရာ အစည်းအဝေးက အထက်တန်းရှေ့နေ ဒေါ်ဝေမျိုးသစ် (လိုင်စင်အမှတ်-၅၂၇၈၇) အား ရှေ့နေများအက်ဥပဒေပုဒ်မ ၁၃ အရ ရှေ့နေအဖြစ်မှထုတ်ပစ်(Dismiss)ရန်နှင့် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆုံးဖြတ်ချက်အရ ဤအမိန့် ထုတ်ပြန်သည့်နေ့ကစ၍ အထက်တန်းရှေ့နေ ဒေါ်ဝေမျိုးသစ်(လိုင်စင်အမှတ်-၅၂၇၈၇) အား ရှေ့နေများ အက်ဥပဒေပုဒ်မ ၁၃ အရ ရှေ့နေအဖြစ်မှ ထုတ်ပစ် (Dismiss)ပြီး မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။


