သက်တံ့
၉. ၂. ၂၀၂၆
ဂျပန်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံကို ယခင်က နည်းပညာပိုင်းဆိုင်ရာ အသေးစားချို့ယွင်းချက်ကြောင့် ခေတ္တရပ်နားထားခဲ့ရသော်လည်း ယနေ့တနင်္လာနေ့တွင် ပြန်လည်မောင်းနှင်လိုက်ပြီဖြစ်ကြောင်း လုပ်ငန်းလည်ပတ်သူ တိုကျိုလျှပ်စစ်စွမ်းအင်ကုမ္ပဏီ (TEPCO) က ထုတ်ပြန်ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် ငလျင်နှင့် ဆူနာမီကြောင့် ဖူကူရှီးမား (Fukushima) ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ပတ်ရန် ဇန်နဝါရီလအတွင်းက ကြိုးပမ်းခဲ့သော်လည်း စောင့်ကြည့်ရေးအချက်ပေးစနစ် (Monitoring alarm) ပြဿနာကြောင့် ရပ်နားခဲ့ရသည့် နီဂါတာ (Niigata) ဒေသရှိ ခါရှီဝါဇာကီ-ကာရီဝါ (Kashiwazaki-Kariwa) စက်ရုံကို ယနေ့ ဂျပန်စံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ပြန်လည်စတင်လည်ပတ်ခဲ့ကြောင်း တိုကျိုလျှပ်စစ်စွမ်းအင်ကုမ္ပဏီ (TEPCO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံတွင် ၂၀၁၁ ခုနှစ်က ငလျင်နှင့် ဆူနာမီကြောင့် ဖူကူရှီးမားစက်ရုံရှိ နျူကလီးယားဓာတ်ပေါင်းဖို ၃ ခု အရည်ပျော်ကျခဲ့ပြီးနောက် နျူကလီးယားစွမ်းအင်အသုံးပြုမှုကို ရပ်ဆိုင်းခဲ့ရာ အဆိုပါစက်ရုံသည်လည်း ကာလရှည်ကြာ ရပ်နားထားခဲ့ရခြင်းဖြစ်သည်။ သို့သော် ယခုအခါ ဂျပန်နိုင်ငံသည် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုမှုကို လျှော့ချရန်၊ ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ကင်းစင်သောနိုင်ငံ (carbon neutrality) ဖြစ်လာစေရန်နှင့် AI နည်းပညာကြောင့် တိုးတက်လာသော စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် နျူကလီးယားစွမ်းအင်ဘက်သို့ ပြန်လှည့်လာခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သော ကွန်ဆာဗေးတစ်ပါတီမှ ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) သည်လည်း ဂျပန်နိုင်ငံ၏ စီးပွားရေးကို အားကောင်းစေရန် နျူကလီးယားစွမ်းအင်ကို မြှင့်တင်ပေးနေသူဖြစ်သည်။
TEPCO ကုမ္ပဏီသည် အဆိုပါစက်ရုံရှိ ဓာတ်ပေါင်းဖို ၇ ခုအနက် တစ်ခုကို ဇန်နဝါရီ ၂၁ ရက်က စတင်မောင်းနှင်ရန် ကြိုးပမ်းခဲ့သော်လည်း စောင့်ကြည့်ရေးစနစ် အချက်ပေးသံမြည်လာသဖြင့် နောက်တစ်နေ့တွင် ပြန်လည်ပိတ်ထားခဲ့ရသည်။ ကေဘယ်ကြိုးတစ်ခုအတွင်း လျှပ်စစ်စီးကြောင်း အနည်းငယ်ပြောင်းလဲမှုကို အချက်ပေးစနစ်က ဖမ်းယူမိခြင်းဖြစ်ပြီး ၎င်းမှာ ဘေးကင်းသည့်အတိုင်းအတာအတွင်း ရှိနေသော်လည်း လုံခြုံရေးအရ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီက ရှင်းလင်းထားသည်။
စက်ရုံကို ဘက်စုံစစ်ဆေးမှုများပြုလုပ်ပြီးနောက် လာမည် မတ်လ ၁၈ ရက်ခန့်တွင် စီးပွားဖြစ်လည်ပတ်မှုအား စတင်မည်ဖြစ်သည်။ ခါရှီဝါဇာကီ-ကာရီဝါ စက်ရုံသည် စွမ်းဆောင်ရည်အရ ကမ္ဘာ့အကြီးဆုံးဖြစ်သော်လည်း ယခုအခါ ဓာတ်ပေါင်းဖို တစ်ခုတည်းကိုသာ ပြန်လည်ပတ်ခြင်း ဖြစ်သည်။
ဖူကူရှီးမားဖြစ်စဉ်နောက်ပိုင်း တင်းကျပ်သော ဘေးကင်းရေးစည်းမျဉ်းများအောက်တွင် ဂျပန်အနောက်ပိုင်းနှင့် တောင်ပိုင်းရှိ နျူကလီးယားဓာတ်ပေါင်းဖို ၁၄ ခုသည် လုပ်ငန်းများ ပြန်လည်စတင်ခဲ့ပြီးဖြစ်သည်။ ခါရှီဝါဇာကီ-ကာရီဝါ စက်ရုံသည် ၂၀၁၁ နောက်ပိုင်း TEPCO က စီမံခန့်ခွဲပြီး ပြန်လည်ပတ်သည့် ပထမဆုံးသော စက်ရုံလည်း ဖြစ်သည်။

အဆိုပါစက်ရုံဝန်းကြီးတွင် ၁၅ မီတာ (၅၀ ပေ) မြင့်သော ဆူနာမီကာကွယ်ရေးတံတိုင်း၊ အရေးပေါ် လျှပ်စစ်စနစ်များနှင့် အခြားသော လုံခြုံရေးအဆင့်မြှင့်တင်မှုများကို ပြုလုပ်ထားသည်။ သို့သော် ဒေသခံများကြားတွင် သဘောထားကွဲလွဲလျက်ရှိပြီး၊ စစ်တမ်းများအရ ဒေသခံ ၆၀ ရာခိုင်နှုန်းခန့်က စက်ရုံပြန်လည်ပတ်မှုကို ကန့်ကွက်နေကြကာ ၃၇ ရာခိုင်နှုန်းကသာ ထောက်ခံကြသည်။ ဒေသခံများက မတော်တဆမှုများ ဖြစ်လာမည်ကို စိုးရိမ်နေကြပြီး အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်များမှာ မလုံလောက်ကြောင်း ထောက်ပြနေကြသည်။
ဇန်နဝါရီ ၈ ရက်တွင် ကန့်ကွက်သူအုပ်စုများက လူပေါင်း ၄၀,၀၀၀ နီးပါး လက်မှတ်ရေးထိုးထားသည့် အသနားခံစာကို တင်သွင်းခဲ့ကြသည်။ သို့သော် TEPCO ကမူ “ကျွန်ုပ်တို့အနေဖြင့် ခါရှီဝါဇာကီ-ကာရီဝါ နျူကလီးယားစက်ရုံမှာ ဘေးကင်းလုံခြုံရေးကို ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ကြောင်း လုပ်ရပ်နဲ့ ရလဒ်တွေကနေ သက်သေပြသွားမှာပါ” ဟု တနင်္လာနေ့ ထုတ်ပြန်ချက်တွင် ကတိပြု ပြောကြားထားသည်။
Ref: AFP Via Yahoo
