သက်တံ့
၉. ၂. ၂၀၂၆
ပြီးခဲ့သည့်လ ဇန်နဝါရီ ၆ ရက်နေ့က နိုင်ဂျာနိုင်ငံအနောက်ပိုင်းရှိ လူစည်ကားသော ဈေးတစ်ခုတွင် နိုင်ဂျာစစ်တပ်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခုကြောင့် ကလေး ၄ ဦး အပါအဝင် အရပ်သား အနည်းဆုံး ၁၇ ဦး သေဆုံးပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း Human Rights Watch (HRW) က ယနေ့ ထုတ်ပြန်လိုက်သည်။
အဆိုပါ တိုက်ခိုက်မှုတွင် အစ္စလာမ္မစ် တိုက်ခိုက်ရေးသမား ၃ ဦးလည်း သေဆုံးခဲ့သော်လည်း လူစည်ကားရာနေရာကို ခွဲခြားမှုမရှိဘဲ တိုက်ခိုက်ခြင်းသည် စစ်ပွဲဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇ၀တ်မှုမြောက်နိုင်ကြောင်း ဖော်ပြထားသည်။
နိုင်ဂျာစစ်တပ်၏တိုက်ခိုက်မှုသည် မြို့တော် နီယာမေး (Niamey) ၏ အနောက်ဘက် ၁၂၀ ကီလိုမီတာခန့်နှင့် ဘာကီးနားဖားဆို နယ်စပ်မှ ၃ ကီလိုမီတာအကွာရှိ ကိုကိုလိုကို (Kokoloko) ရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ၎င်းဒေသတွင် အစ္စလာမ္မစ် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် IS Sahel အဖွဲ့ လှုပ်ရှားလျက်ရှိသည်။
“အစ္စလာမ္မစ် တိုက်ခိုက်ရေးသမား ၃ ဦးကို သတ်ဖြတ်ရန် ကြိုးပမ်းသည့် နိုင်ဂျာစစ်တပ်၏ တိုက်ခိုက်မှုသည် စစ်ပွဲဆိုင်ရာ ဥပဒေများကို ချိုးဖောက်ပြီး ဈေးအတွင်းရှိ အရပ်သား အမြောက်အမြားကို သေကြေဒဏ်ရာရစေခဲ့သည်” ဟု HRW ၏ Sahel ဒေသဆိုင်ရာ အကြီးတန်း သုတေသီ Ilaria Allegrozzi က ပြောကြားခဲ့သည်။
HRW သည် မျက်မြင်သက်သေများ၊ သတင်းထောက်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ် ၁၅ ဦးကို ဆက်သွယ်မေးမြန်းခဲ့သည့်အပြင် ဂြိုဟ်တုဓာတ်ပုံများကိုလည်း ခွဲခြမ်းစိတ်ဖြာခဲ့မှုအရ တိုက်ခိုက်မှုသည် ဇန်နဝါရီ ၆ ရက် နေ့လယ် ၁ နာရီခွဲခန့်၊ ဈေးအတွင်း လူရာပေါင်းများစွာ ရှိနေချိန်တွင် ဒရုန်းက ဗုံးကြဲချခဲ့ခြင်းဖြစ်သည်။
“ဈေးထဲမှာ ထမင်းရောင်းတဲ့သူတွေ၊ အသားဟင်းရောင်းတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေ အပြည့်ရှိနေတုန်း အသံအကျယ်ကြီးနဲ့ ပေါက်ကွဲသွားတာ” ဟု အသက် ၃၆ နှစ်အရွယ် ကုန်သည်တစ်ဦးက ဆိုသည်။
အလောင်းအများစုမှာ မီးလောင်ကျွမ်းခဲ့ပြီး ခွဲခြားရခက်ခဲခဲ့သည်။ သေဆုံးသူများထဲတွင် အသက် ၅ နှစ်မှ ၁၀ နှစ်အတွင်း ကလေးငယ်များ ပါဝင်သည်။
၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အာဏာသိမ်းခဲ့သည့် နိုင်ဂျာစစ်ကောင်စီသည် ဤတိုက်ခိုက်မှုနှင့် ပတ်သက်၍ လူသိရှင်ကြား ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။ HRW မှ ဇန်နဝါရီ ၂၆ ရက်တွင် ပေးပို့သည့် မေးမြန်းလွှာကိုလည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
နိုင်ဂျာစစ်တပ်သည် ၂၀၂၂ ခုနှစ်မှစ၍ တူရကီနိုင်ငံထုတ် Bayraktar TB-2၊ Karayel-SU နှင့် Aksungur ကဲ့သို့သော ဒရုန်းများကို ဝယ်ယူထားသည်။ အဆိုပါ ဒရုန်းများသည် တိုက်ရိုက်ဗီဒီယိုကြည့်ရှုနိုင်သည့် အာရုံခံကိရိယာများ ပါရှိသော်လည်း ယခုတိုက်ခိုက်မှုတွင် လူစည်ကားရာနေရာကို ခွဲခြားမှုမရှိဘဲ ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (သို့မဟုတ်) စစ်ပွဲဆိုင်ရာ ဥပဒေများအရ စစ်ပွဲတွင် ပါဝင်သူများသည် အရပ်သားနှင့် တိုက်ခိုက်ရေးသမားကို အမြဲတစေ ခွဲခြားရမည်ဖြစ်သည်။ အစ္စလာမ္မစ် တိုက်ခိုက်ရေးသမား အနည်းငယ် ရှိနေသော်လည်း လူစည်ကားသော ဈေးကို ဖောက်ခွဲရေးလက်နက်ဖြင့် တိုက်ခိုက်ခြင်းသည် “ခွဲခြားမှုမရှိသော တိုက်ခိုက်မှု” (Indiscriminate attack) ဖြစ်ပြီး အမိန့်ပေးသူနှင့် လုပ်ဆောင်သူများသည် စစ်ရာဇ၀တ်မှုအတွက် တာဝန်ရှိသည်ဟုလည်း HRW က ဆိုသည်။
“နိုင်ဂျာစစ်တပ်ကို ထောက်ပံ့နေသည့် နိုင်ငံခြားအစိုးရများသည် ဒေသခံပြည်သူများကို အန္တရာယ်မဖြစ်စေရန် အာဏာပိုင်များကို ဖိအားပေးသင့်သည်” ဟု Allegrozzi က ထပ်လောင်းပြောကြားခဲ့ပြီး၊ အစိုးရအနေဖြင့် ထိခိုက်ခံရသူများကို ဆေးကုသပေးခြင်းနှင့် လုံလောက်သော လျော်ကြေးပေးခြင်းများ လုပ်ဆောင်ရန် တောင်းဆိုထားသည်။
Ref : HRW & allafrica
