၉.၂.၂၀၂၆
Written by Linn Eain
FDA က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်မြို့နယ်နှင့် ခရမ်းမြို့နယ်ရှိ စျေးအချို့တွင် အစားအသောက်နမူနာများ ဓာတ်ခွဲစစ်ဆေးခဲ့ရာ ပဲသွေးနှင့် စိမ်းစားငပိအချို့တွင် ဖော်မလင်အပါအဝင် တားမြစ်ပစ္စည်းတွေ့ရှိသဖြင့် သိမ်းဆည်းဖျက်ဆီးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-FDA (ရန်ကုန်)မှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် လှိုင်မြို့နယ်ရှိ လှိုင်ရတနာဈေးတွင် ဖေဖော်ဝါရီ ၄ ရက်က အစားအသောက်နမူနာ စုစုပေါင်း (၁၅) မျိုး ကောက်ယူခဲ့ပြီး နမူနာ (၉) မျိုးကို Mobile Lab Van ဖြင့် စစ်ဆေးခဲ့ပြီး ကျန်နမူနာ (၆)မျိုးအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)၊ ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ Mobile Lab Van ဖြင့် စစ်ဆေးခဲ့သည့် အစားအသောက်နမူနာ (၉) မျိုးအနက် စိမ်းစားငါးပိ(၂) မျိုး၌ အစားအသောက်များတွင် ထည့်သွင်းသုံးစွဲခြင်းမပြုရန် တားမြစ်ထားသည့် Rhodamine B (အဝတ်ထည်၊ စက္ကူ၊ သားရေ၊ အလှကုန်ပစ္စည်းများတွင် သုံးသည့်ဆိုးဆေး) ထည့်သွင်းသုံးစွဲထားကြောင်း တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့ကြောင့် လှိုင်မြို့နယ်အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဈေးတာဝန်ခံရုံး၌ ဆိုင်တာဝန်ခံများကို ခံဝန်ကတိ ရေးထိုးခြင်း၊ သိမ်းဆည်းဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန-FDA (ရန်ကုန်တောင်ပိုင်းခရိုင်)မှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ခရမ်းမြို့နယ်ရှိ မြို့မဈေးတွင် ဖေဖော်ဝါရီ ၃ ရက်က အစားအသောက်နမူနာ စုစုပေါင်း (၁၅) မျိုး ကောက်ယူ၍ နမူနာ (၈) မျိုးအား Mobile Lab Vanဖြင့် စစ်ဆေးခဲ့ပြီး ကျန်နမူနာ (၇)မျိုးအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)၊ ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ Mobile Lab Van ဖြင့် စစ်ဆေးခဲ့သည့် အစားအသောက်နမူနာ(၇)မျိုးအနက် ပဲသွေး(၁)မျိုး၌ အစားအသောက်များတွင် ထည့်သွင်းသုံးစွဲခြင်းမပြုရန် တားမြစ်ထားသည့် Formalin (မပုပ်၊ မသိုးစေရန် တာရှည်ခံသည့်ဆေး) ထည့်သွင်းသုံးစွဲထားကြောင်း တွေ့ရှိခဲ့သဖြင့် ခရမ်းမြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဈေးခေါင်းရုံး၌ ခံဝန်ကတိရေးထိုးခြင်း၊ သိမ်းဆည်းဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Rhodamine B သည် အစားအသောက်များတွင် အသုံးမပြုရန် တားမြစ်ထားသည့် ဆိုးဆေးဖြစ်ပြီး အစာအိမ်၊ အသက်ရှူလမ်းကြောင်း၊ မျက်စိ၊ အသားအရေကို ထိခိုက်စေနိုင်ပြီး ကင်ဆာဖြစ်စေနိုင်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အများပြည်သူ များသုံးစွဲလျက်ရှိသော အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်များအား ဈေးကွက်နမူနာများ ရှောင်တခင်ဝယ်ယူစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနခွဲ-FDA (မန္တလေး)မှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် (၃-၂-၂၀၂၆) ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး၊ ဈေးချိုတော်ဈေးတွင် ဖေဖော်ဝါရီ ၃ ရက်က အစားအသောက်နမူနာ စုစုပေါင်း(၁၇)မျိုး ကောက်ယူ၍ Mobile Lab Van တွင် Rapid Test Kit ဖြင့် စစ်ဆေးခဲ့ပြီး အစားအသောက်ရောင်းချသူများအား အစားအသောက်များတွင် ခွင့်မပြုဆိုးဆေးနှင့် ခွင့်မပြုဓာတုတာရှည်ခံဆေးများအန္တရာယ်နှင့်ပတ်သက်၍ လက်ကမ်းစာ စောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အမရပူရမြို့နယ်၊ နန်းရတနာစျေးတွင်လည်း ဖေဖော်ဝါရီ ၄ ရက်က အစားအသောက် နမူနာ စုစုပေါင်း(၁၃)မျိုး ကောက်ယူ၍ Mobile Lab Van တွင် Rapid Test Kit ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
Photo – MOHS











