၉.၂.၂၀၂၆
Written by Thiri
သတင်းပေးတိုင်ကြားမှုတွေကြောင့် ဇန်နဝါရီလအတွင်း ငွေကျပ်သန်းပေါင်း ၁၂၀၀၀ ကျော်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။
တာဝန်သိပြည်သူများရဲ့ သတင်းပေးတိုင်ကြားမှုတွေကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း သတင်းမှန် ၅၉ ကြိမ် ရရှိခဲ့ပြီး သတင်းရရှိမှုကြောင့် တရားမဝင်ကုန်ပစ္စည်းတွေဖမ်းဆီးရမိတဲ့ အမှုတွဲ ၁၄၅ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၃၆ ဒသမ ၉၄၈ သန်းကို ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိတဲ့တရားမဝင် ကုန်ပစ္စည်းတွေမှာ သစ်မျိုးစုံနဲ့ အကောက်ခွန်မဲ့ကုန်ပစ္စည်းတွေဖြစ်တဲ့ လူသုံးကုန်ပစ္စည်းတွေ၊ လုပ်ငန်းသုံးပစ္စည်းတွေ၊ စားသောက်ကုန်၊ စက်မှုကုန်ကြမ်းပစ္စည်းတွေ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ အပါအဝင် တရားမဝင်ကုန်ပစ္စည်း တင်ဆောင်တဲ့ လိုင်စင်ရှိ/လိုင်စင်မဲ့မော်တော် ယာဉ်တွေ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေနဲ့ တရားမဝင်ငါးဖမ်းစက်လှေတွေကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
သတင်းပေးတိုင်ကြားခဲ့ကြတဲ့ ပြည်သူတွေကိုလည်း လျှို့ဝှက်ပေးထားမှာဖြစ်ကာ ဇန်နဝါရီလအတွင်း ဖမ်းဆီးရမိတဲ့ ခန့်မှန်းတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ငွေကျပ် ၂၄၆၇ ဒသမ ၃၉၀ သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမှာဖြစ်တဲ့အပြင် သက်ဆိုင်ရာဌာနတွေကနေ မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ဖို့ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
တာဝန်သိပြည်သူတွေအနေနဲ့ တရားမဝင်ကုန်သွယ်မှုသတင်းတွေနဲ့ ပတ်သက်ပြီး လက်ကိုင်ဖုန်း – ၀၉၆၉၉၆၁၁၁၁၆၊ အော်တိုတယ်လီဖုန်းနံပါတ်-၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် [email protected] ကို သတင်းပေးပို့တိုင်ကြားနိုင်ကြောင်းလည်း အသိပေးထားပါတယ်။


