သက်တံ့
၉. ၂. ၂၀၂၆
ပြီးခဲ့သည့် ၂၄ နာရီအတွင်း အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒေသများမှ မတူညီသော သူပုန်အဖွဲ့အစည်းအသီးသီးမှ အမာခံသူပုန် ၅ ဦးကို ဖမ်းဆီးခဲ့ပြီး မော်တာကျည်အချို့နှင့် လက်လုပ်မိုင်း (IEDs) ၂ လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ အဆိုပါ မော်တာကျည်များနှင့် မိုင်းများကို Tengnoupal ခရိုင်၊ Moreh ရဲစခန်းနယ်မြေအတွင်းရှိ အိန္ဒိယ-မြန်မာနယ်စပ် Yangoubung ဧရိယာမှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် အဆိုပါ ဖောက်ခွဲရေးပစ္စည်းများကို ဗုံးရှင်းလင်းရေးအဖွဲ့က ဖျက်ဆီးခဲ့သည်။
မဏိပူရ်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ၃၉၈ ကီလိုမီတာရှည်လျားသည့် ခြံစည်းရိုးမခတ်ထားသော နယ်စပ်ချင်း ထိစပ်နေပြီး ၎င်းမှာ အိန္ဒိယနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ (အထူးသဖြင့် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ)၊ လက်နက်ခဲယမ်းများနှင့် အခြားတရားမဝင်ပစ္စည်းများ မှောင်ခိုကူးသန်းရာ အဓိကလမ်းကြောင်းတစ်ခု ဖြစ်နေသည်။
ဖမ်းဆီးရမိသူ ထိပ်တန်းခေါင်းဆောင် ၅ ဦးမှာ PREPAK (People’s Revolutionary Party of Kangleipak) အဖွဲ့၊ KYKL (Kanglei Yawol Kanna Lup) အဖွဲ့နှင့် UNLF (United National Liberation Front) အဖွဲ့တို့မှဖြစ်ပြီး ၎င်းတို့ကို Imphal East၊ Imphal West နှင့် Kakching ခရိုင် ၃ ခုမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ သူပုန်များသည် ကုန်သည်များ၊ ကန်ထရိုက်တာများ၊ အစိုးရဝန်ထမ်းများနှင့် အများပြည်သူများထံမှ “အလှူငွေ” ခေါင်းစဉ်ဖြင့် အတင်းအဓမ္မ ငွေညှစ်ခြင်း အပါအဝင် ရာဇ၀တ်မှုအမျိုးမျိုးတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံထားရသည်။
တစ်ချိန်တည်းမှာပင် လုံခြုံရေးတပ်ဖွဲ့များနှင့် သစ်တောဌာန ပူးပေါင်းအဖွဲ့သည် Ukhrul ခရိုင် Sihai တောင်တန်းတစ်လျှောက်ရှိ တရားမဝင် ဘိန်းစိုက်ခင်း ဧက ၇၀ ခန့်ကို ဖျက်ဆီးခဲ့သည်။ ဤစစ်ဆင်ရေးကြောင့် ရူပီးငွေ ကုဋေပေါင်းများစွာ တန်ဖိုးရှိသော ဘိန်းထုတ်လုပ်ရန် ကြိုးပမ်းမှုကို ထိရောက်စွာ ဟန့်တားနိုင်ခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။ ထို့အပြင် ဘိန်းစိုက်ခင်းများတွင် တွေ့ရှိရသည့် တဲ ၄ လုံးကိုလည်း ဖျက်ဆီးခဲ့သည်။
ဗဟိုနှင့် ပြည်နယ်အဆင့် လုံခြုံရေးအေဂျင်စီများ ပူးပေါင်းကာ မဏိပူရ်တစ်ဝှမ်းရှိ ထိခိုက်လွယ်သောဒေသများနှင့် လူမျိုးပေါင်းစုံနေထိုင်ရာ နေရာများတွင် နယ်မြေစိုးမိုးရေးနှင့် သူပုန်နှိမ်နင်းရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသည်။ သူပုန်များနှင့် သံသယဖြစ်ဖွယ် ယာဉ်များသွားလာမှုကို တားဆီးရန် ပြည်နယ်တစ်ဝှမ်းရှိ တောင်ပေါ်နှင့် မြေပြန့်ခရိုင်များတွင် စစ်ဆေးရေးဂိတ် (Nakas) စုစုပေါင်း ၁၁၄ ခု ချထားသည်။ ထို့အပြင် Imphal-Jiribam အမျိုးသားအဝေးပြေးလမ်း (NH-37) တစ်လျှောက် အခြေခံကုန်စည်များ တင်ဆောင်လာသည့် ကုန်တင်ကားများကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်ပါစောင့်ရှောက်ပေးလျက်ရှိသည်။
Ref : telanganatoday
