နေမိုး
၉. ၂. ၂၀၂၆
အကြမ်းဖက်လက်နက်ကိုင် KNU နှင့် NUG ဩဇာခံ PDF များက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အမျိုးသားတစ်ဦးအား ဓား၊ သေနတ်တို့ဖြင့် ထိုးခုတ်ပစ်ခတ်သတ်ဖြတ်မှု တောင်ငူမြို့နယ်တွင် ကျူးလွန်ခဲ့ကြပြန်သည်ဟု သတင်းရရှိသည်။
အကြမ်းဖက်လက်နက်ကိုင် KNU နှင့် NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ပိတောက်ကုန်းကျေးရွာရှိ ဘောလုံးကွင်းအနီး၌ ကျည်ထိမှန် ဒဏ်ရာ၊ ဓားဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဖေဖော်ဝါရီ ၅ ရက် ည ၇ နာရီ ၄၀ မိနစ်တွင် အဆိုပါကျေးရွာနေ ဦးဇော်နိုင်သန်း (၅၁) နှစ်သည် တစ်ရွာတည်းနေ ဦးဝင်းမြင့် (၆၀) နှစ်နှင့်အတူ ၎င်း၏ နေအိမ်၌ ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့ အင်အား ၁၉ ဦးခန့်က ဆိုင်ကယ် ရှစ်စီးခန့်ဖြင့် ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ နေအိမ်၏ အရှေ့မြောက်ဘက် မီတာ ၃၀၀ ခန့်အကွာအရောက် ဦးဇော်နိုင်သန်းအား သေနတ်၊ ဓားများဖြင့် ပစ်ခတ်၊ ထိုးခုတ်ခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ဦးဝင်းမြင့်အား ကျေးရွာသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၆ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်မြင့် (၆၄) နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် KNU အကြမ်းဖက် အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့ အင်အား ရှစ်ဦးခန့်က ဆိုင်ကယ်ငါးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀၀ အထက် သေဆုံးဒဏ်ရာရမှု ဖြစ်ပွားထားသည်။
