


သက်တံ့
၉. ၂. ၂၀၂၆
လက်ဘနွန်နိုင်ငံ မြောက်ပိုင်းတွင် အဆောက်အအုံတစ်လုံး ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး အာဏာပိုင်အဖွဲ့ (Civil Defence) က ယနေ့တွင် ပြောကြားခဲ့သည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဗိုလ်ချုပ် အီမတ် ခါရေးရှ် (General Imad Khreish) က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ၎င်းက သေဆုံးသူအရေအတွက်ကို အတည်ပြုပေးခဲ့ပြီး လူ ၈ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ဆိုသည်။
“တနင်္ဂနွေနေ့က ထရီပိုလီ (Tripoli) မြို့၊ ဘတ်ဘ်အယ်လ်တာဘာနေး (Bab al-Tabbaneh) ဧရိယာမှာရှိတဲ့ နှစ်ခန်းတွဲပါဝင်တဲ့ ၆ ထပ် အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာဖြစ်ပါတယ်” ဟု အဆိုပါအေဂျင်စီက ထုတ်ပြန်သည်။
ကုလသမဂ္ဂ၏ အဆိုအရ ထရီပိုလီမြို့သည် လက်ဘနွန်နိုင်ငံတွင် အဆင်းရဲဆုံးမြို့ဖြစ်ပြီး ဆင်းရဲမွဲတေမှုနှုန်း ၇၀ ရာခိုင်နှုန်းကျော်ရှိကာ မြေထဲပင်လယ်ကမ်းရိုးတန်းတွင် တည်ရှိသည်။
အဆိုပါဒေသရှိ အဆောက်အအုံအများစုမှာ နှစ်ပေါင်းများစွာကြာသည်အထိ ပြုပြင်ထိန်းသိမ်းမှု တစ်စုံတစ်ရာ ပြုလုပ်ထားခြင်း မရှိပေ။ ယခု အဆောက်အအုံပြိုကျသည့် ရပ်ကွက်သည် ဆီးရီးယားပြည်တွင်းစစ် အစောပိုင်းကာလများက ဆွန်နီအစ္စလာမ္မစ် လက်နက်ကိုင်များနှင့် အိမ်နီးချင်း ဂျာဘယ်မိုဆင် (Jabal Mohsen) ဒေသရှိ အာလာဝိုက် (Alawite) အုပ်စုများအကြား ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားခဲ့သည့် နေရာလည်း ဖြစ်သည်။
တနင်္ဂနွေနေ့က ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဒေါသထွက်နေသည့် လူငယ်အုပ်စုများသည် မြို့တွင်းလမ်းမများပေါ်တွင် ဆိုင်ကယ်များဖြင့် လှည့်လည်ခဲ့ကြပြီး အချို့မှာ နိုင်ငံရေးသမားအချို့၏ ရုံးခန်းများဆီသို့ သွားရောက်ကာ သံမဏိအတားအဆီးများကို ဖျက်ဆီးခဲ့ကြကြောင်း နိုင်ငံပိုင် National News Agency က သတင်းဖော်ပြသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကယ်ဆယ်ရေးအာဏာပိုင်အဖွဲ့အကြီးအကဲဖြစ်သူ ဘတ်ဆမ် နာဘလူဆီ (Bassam Nablusi) က ထရီပိုလီစည်ပင်သာယာရေးအဖွဲ့၏ ကိန်းဂဏန်းများကို ကိုးကား၍ အဆောက်အအုံပေါင်း ၁၀၅ လုံးမှာ နေထိုင်သူများကို ချက်ချင်းဖယ်ရှားရန် သတိပေးချက်ထုတ်ပြန်ဖို့ လိုအပ်နေကြောင်း ပြောကြားခဲ့သည်။
လက်ဘနွန် အိမ်ခြံမြေအသင်း (LPA) ၏ အဆိုအရ လက်ဘနွန်တစ်နိုင်ငံလုံးတွင် ပြိုကျနိုင်ခြေရှိသော အဆောက်အအုံပေါင်း ၁၆,၀၀၀ ခန့်ရှိပြီး အများစုမှာ မြို့တော် ဘေရွတ် (Beirut) နှင့် ထရီပိုလီမြို့တို့တွင် ဖြစ်သည်။
ဘေရွတ်မြို့တွင် ၂၀၂၀ ပြည့်နှစ်က ဆိပ်ကမ်းပေါက်ကွဲမှုကြီးကြောင့် ဖြစ်ပေါ်လာသည့် ပြင်းထန်သော တုန်ခါမှုလှိုင်းများက အချို့သော အဆောက်အအုံများအတွက် ပြိုကျနိုင်ခြေအန္တရာယ်ကို ပိုမိုမြင့်တက်စေခဲ့သည်။
လက်ဘနွန်နိုင်ငံသည် ၎င်း၏သမိုင်းတလျှောက် အဆိုးရွားဆုံး စီးပွားရေးနှင့် ဘဏ္ဍာရေး အကျပ်အတည်းများထဲမှ တစ်ခုကို နှစ်ပေါင်းများစွာ ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ပြည်တွင်းသုံးငွေကြေးမှာ ၂၀၁၉ ခုနှစ်ကတည်းက ၎င်း၏တန်ဖိုးမှာ အနည်းဆုံး ၉၈ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့သည်။
အဆောက်အအုံဆောက်လုပ်ရေး ပစ္စည်းများ၏ ဈေးနှုန်းမှာလည်း အဆမတန် မြင့်တက်လာသောကြောင့် အဆောက်အအုံပိုင်ရှင်များ၊ ကန်ထရိုက်တာများနှင့် အိမ်ငှားများမှာ ပြုပြင်ထိန်းသိမ်းမှုစရိတ်ကို မတတ်နိုင်ကြဘဲ အရေးတကြီး လိုအပ်နေသော ပြုပြင်မွမ်းမံမှုများမှာလည်း နှောင့်နှေးကြန့်ကြာလျက် ရှိနေသည်။
Ref: DBA
