


၉ .၂.၂၀၂၆
Written by Thiri
ဆီဘောက်ဆာယာဉ်အတွင်း ဆီချိုး(ဂျိုး)တွေကပ်နေတာကို ဝင်ရောက်ရှင်းလင်းရေးလုပ်တဲ့အမျိုးသားနှစ်ဦး အောက်စီဂျင်ပြတ်ကာ သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဉ်က ဒီနေ့ ညနေ ၆ နာရီ ၁၂ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအနီး၊ မြို့ရှောင်လမ်းပေါ်မှာဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ဒီဖြစ်စဥ်မှာ ဂါလန် ၇၅၀၀ ဆံ့ ဆီဘောက်ဆာယာဉ်အတွင်း ဆီချိုးတွေကို အမျိုးသားနှစ်ဦးက ဝင်ရောက် ရှင်းလင်းရာမှာ အောက်စီဂျင်ပြတ်ကာ သတိမေ့မြောနေတဲ့ သတင်းအရ မှော်ဘီမြို့နယ်မီးသတ်စခန်း မှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ကူညီခဲ့ရာ အဆိုပါ အမျိုးသားနှစ်ဦးကို ၆ နာရီ ၅၅ မိနစ်အချိန်မှာ သေဆုံးလျှက်သား ရုပ်အလောင်းအဖြစ် အပြင်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို မြန်မာနိုင်ငံဘက်စုံလူမှုကူညီရေးအသင်းယာဉ်နဲ့ မှော်ဘီမြို့နယ်ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
