◾️ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် အုပ်ချုပ်/နည်းပြအဖွဲ ၂၈ ဖွဲ့အတွက် ကျပ်သိန်းပေါင်း ၃၆,၆၉၀ ဆုချီးမြှင့်
၈. ၂. ၂၀၂၆
Written by Nyein Kyaw
၂၀၂၅ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ၊ ထိုင်းနိုင်ငံ၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတိုတွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့သည့် အားကစားသမားမောင်မယ်များအား နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့တွင် ကျင်းပခဲ့ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
နိုင်ငံတော်အနေဖြင့် ပြိုင်ပွဲအသီးသီးတွင် အားကြိုးမာန်တက်ယှဉ်ပြိုင်ပြီး တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း (၃၀၀)၊ ငွေတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း(၂၀၀)၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း (၁၀၀) ဆုချီးမြှင့်ပေးလျက်ရှိသည်။





ထို့အတူ အသင်းလိုက် ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးကို ကျပ်သိန်း (၁၀၀)၊ ငွေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးကို ကျပ်သိန်း (၇၀)၊ ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးကို ကျပ်(၃၅)သိန်း ဆုချီးမြှင့်ပေးလျက်ရှိသည်။
အလားတူ အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် နည်းပြများကို မိမိတို့ အားကစားနည်းအလိုက် ရွှေတံဆိပ်ရရှိခဲ့ပါက နည်းပြတစ်ဦးကို ကျပ်သိန်း(၁၀၀)၊ ငွေတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း (၅ဝ)၊ ကြေးတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း(၃၀)စီနှင့် အားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲများကိုလည်း ရွှေတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း(၁၀၀)၊ ငွေတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း (၅၀)၊ ကြေးတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း (၃၀)စီ ချီးမြှင့်ပေးလျက်ရှိသည်။
ယခုကာလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် (၈)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၊ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတို့တွင် မြန်မာအားကစားအဖွဲများအနေဖြင့် ရွှေတံဆိပ် ၂၆ ဆု၊ ငွေတံဆိပ် ၄၇ ဆု၊ ကြေးတံဆိပ် ၇၇ ဆု၊ စုစုပေါင်း ဆုတံဆိပ် ၁၅၀ ဆု ရရှိခဲ့သည့်အတွက် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် ပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိအောင်စွမ်းဆောင်ပေးခဲ့သည့် အုပ်ချုပ်/နည်းပြအဖွဲ ၂၈ ဖွဲ့တိုအတွက် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ငွေမှာ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၃၆,၆၉၀ ဆုချီးမြှင့်ခဲ့သည်။






လာမည့် ၂၀၂၇ ခုနှစ်၊ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၄)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေဖြင့် အဆင့်မီမီဖြင့် ဆုတံဆိပ်များရရှိရန် ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်ထားကြရန်လည်း ယာယီသမ္မတက မှာကြားသည်။
ထိုသို့ ပြင်ဆင်ရာတွင် ချက်ချင်းရွှေတံဆိပ်ရနိုင်သည့် အားကစားနည်းများနှင့် ရွှေတံဆိပ်မရနိုင်သေးသော်လည်း ရေရှည်ဖွံဖြိုးတိုးတက်အောင် လုပ်ရမည့်အားကစား နည်းများကို ခွဲခြားပြီး စနစ်တကျ စီမံချက်ရေးဆွဲဆောင်ရွက်ရန်နှင့် နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ် ဆောင်ရွက်ထားရှိမှုများကို သုံးသပ်ပြင်ဆင်ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
