သက်တံ့
၈. ၂. ၂၀၂၆
ထိုင်းနိုင်ငံ၊ နခွန်ရတ်ချာစီးမားခရိုင်၊ မစ်ထရာဖတ်လမ်း (Mittraphap Road) ပေါ်တွင် ယနေ့နံနက်ပိုင်းက ယာဥ်မောင်းအိပ်ငိုက်ရာမှ ဗန်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားသဖြင့် နေရပ်သို့ မဲပေးရန် သွားရောက်ကြသည့် ခရီးသည်များ ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။
ကလန်ဒေါင်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးမှူး ရဲမှူး ဆိုင်ချွန်ဒေါင်ရောင်စီက မတော်တဆမှုသည် ဖယားယန်း (Phaya Yen) မြို့နယ်ခွဲ၊ နခွန်ရတ်ချာစီးမားအဝင် မစ်ထရာဖတ်လမ်း မိုင်တိုင် ၃၉ နှင့် ၄၀ အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဗန်ကားမှာ လမ်းလယ်ကျွန်းပေါ်သို့ တက်သွားပြီးနောက် အဝေးပြေးလမ်းညွှန် ဆိုင်းဘုတ်တိုင်ကြီးနှင့် လျှပ်စစ်မီးတိုင်ကို တိုက်မိခဲ့ခြင်းဖြစ်သည်။
သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့သည် အထက်လူကြီးများကို အကြောင်းကြားကာ ကလန်ဒေါင်ရဲစခန်းမှ ရဲမှူးကြီး အဖိဝပ်နာထောင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ကလန်ဒေါင်စည်ပင်သာယာရေးအဖွဲ့၊ စီမာမောင်ခွန်မြို့နယ်ခွဲ စည်ပင်သာယာရေးအဖွဲ့တို့မှ ကယ်ဆယ်ရေးအဖွဲ့များဖြင့် အခင်းဖြစ်ပွားရာနေရာသို့ အမြန်ဆုံး သွားရောက်ခဲ့ကြသည်။


အခင်းဖြစ်ပွားရာတွင် လမ်းလယ်ကျွန်းပေါ်၌ ရှေ့ပိုင်းတစ်ခုလုံး ကြေမွပျက်စီးနေသည့် တိုယိုတာ (Toyota) ဗန်ကားတစ်စီးကို တွေ့ရှိရပြီး ယာဉ်မောင်းမှာ ကားထဲတွင် ညပ်နေခဲ့သည်။ ကယ်ဆယ်ရေးသမားများက ဟိုက်ဒရောလစ် ညှပ်စက်များကို အသုံးပြု၍ ယာဥ်မောင်းကို ကယ်ထုတ်ခဲ့ရပြီး ကျန်ခရီးသည်များကိုလည်း ကူညီပေးခဲ့ကြသည်။
ယာဥ်ပေါ်ပါလာသူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၇ ဦးစလုံး ဒဏ်ရာရရှိခဲ့သည်။ ခရီးသည်တစ်ဦးဖြစ်သူ အသက် ၃၀ အရွယ် ဝါရင်ဖာယတ်ဆာ က ၎င်းတို့အဖွဲ့သည် ဆူရတ်ထာနီခရိုင်၊ ကော့စမွီ (Koh Samui) တွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ပြီး ချိုင်ယဖွန်ခရိုင်၊ ဖူးခေအိုမြို့နယ်တွင် ရွေးကောက်ပွဲ မဲပေးရန်အတွက် နေရပ်ပြန်လာကြခြင်းဖြစ်ကြောင်း ပြောပြသည်။ ကားမှာ ဟိုယိမ်းဒီယိမ်းဖြစ်ပြီး ဆိုင်းဘုတ်တိုင်ကို မတိုက်မိမီအထိ ခရီးသည်အများစုမှာ အိပ်ပျော်နေခဲ့ကြကြောင်း၊ လူတိုင်းတွင် ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြကြောင်း ၎င်းက ဆိုသည်။
ယာဉ်မောင်းဖြစ်သူ အသက် ၅၄ နှစ်အရွယ် စအတ်လီပါက ၎င်းသည် ခရီးဝေးမောင်းနှင်လာခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်ကာ ခေတ္တအိပ်ငိုက်သွားခဲ့ကြောင်း၊ ထိုအချိန်တွင် ကားကို မထိန်းနိုင်တော့ဘဲ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အား ထွက်ဆိုခဲ့သည်ဟု ရဲမှူး ဆိုင်ချွန်က ဆိုသည်။
ဒဏ်ရာရရှိသူ ၇ ဦးလုံးကို ကုသမှုခံယူရန် ပါ့ချောင်နာနာ (Pak Chong Nana) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ရဲတပ်ဖွဲ့သည် သက်သေအဖြစ် အခင်းဖြစ်ပွားရာနေရာကို ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့ပြီး ပျက်စီးသွားသော ဗန်ကားကို ဥပဒေအရ စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန် ကလန်ဒေါင်ရဲစခန်းသို့ ဆွဲယူသွားခဲ့သည်။
ထိုင်းနိုင်ငံတွင် ယနေ့သည် အထွေထွေရွေးကောက်ပွဲနေ့ဖြစ်ပြီး ယမန်နေ့ညနေ ၆ နာရီမှ ယနေ့ ၆ နာရီအထိ အရက်သေစာရောင်းဝယ်မှုလည်း ပိတ်ပင်ထားသလို လူထုအားလုံးကလည်း တခဲနက် မဲပေးနေကြသည်။
Ref: Khaosod
