
သက်တံ့
၈.၂.၂၀၂၆
ထိုင်းနိုင်ငံ၊ ဖူးခတ်ကမ်းလွန်၊ ကော့က်နွိုင်းကျွန်း (Kaeo Noi Island) အနီးတွင် ကုန်သေတ္တာ (Container) ၂၉၀ တင်ဆောင်လာသည့် ကုန်တင်သင်္ဘောတစ်စီးသည် စနေနေ့ မွန်းလွဲပိုင်းက နစ်မြုပ်သွားခဲ့သည်။
အဆိုပါ ကုန်သေတ္တာများအနက် ၁၄ လုံးတွင် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ ပါဝင်နေကြောင်း သတင်းရရှိသည်။
ဖူးခက် ရေကြောင်းဌာန၏ အဆိုအရ တန်ချိန် ၄,၃၃၉ ရှိသော အဆိုပါ ကုန်တင်သင်္ဘောသည် ကွန်တိန်နာ ၃၀၀ နီးပါးကို သယ်ဆောင်ပြီး မလေးရှားနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဦးတည်မောင်းနှင်လာစဉ် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သင်္ဘောနစ်မြုပ်ရသည့် အကြောင်းရင်းကိုမူ ယခုအထိ အတည်မပြုနိုင်သေးပေ။
သင်္ဘောမှာ ဘေးသို့ အပြင်းအထန် စောင်းသွားခဲ့ရာမှ ကုန်သေတ္တာအများအပြား ပင်လယ်ထဲသို့ ပြုတ်ကျခဲ့သည်။ အချို့မှာ ချက်ချင်း နစ်မြုပ်သွားသော်လည်း အချို့မှာမူ ရေပေါ်တွင် မျောပါနေပြီး ဧရိယာအနှံ့သို့ ပျံ့နှံ့နေသည့်အတွက် ရေကြောင်းသွားလာရေးအတွက် အန္တရာယ်ရှိနေသည်။
ထိုင်းဘုရင့်ရေတပ်သည် အခြေအနေကို စောင့်ကြည့်စစ်ဆေးရန် HTMS Hua Hin ၊ HTMS Panyee နှင့် ကင်းလှည့်ရေယာဉ် နှစ်စီးတို့ကို အခင်းဖြစ်ပွားရာသို့ စေလွှတ်ထားသည်။
အခြားရေယာဉ်များကို သတိပေးနိုင်ရန်အတွက် ရေတပ်ရေငုပ်သမားများက ရေပေါ်တွင် မျောပါနေသည့် ပစ္စည်းများအနီး၌ ရေကြောင်းအန္တရာယ်ပြ သင်္ကေတများနှင့် အမှတ်အသားများကို တပ်ဆင်လျက်ရှိကြောင်း ရေကြောင်းဌာနက ပြောကြားခဲ့သည်။
ထို့အပြင် သင်္ဘောပျက်မှ ဆီယိုစိမ့်မှု သို့မဟုတ် အန္တရာယ်ရှိ ဓာတုပစ္စည်းများ ယိုစိမ့်ထွက်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် စက်ကိရိယာများကို အသင့်ပြင်ဆင်ထားကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
Ref: Thai PBS
