သက်တံ့
၃. ၂. ၂၀၂၆
တရုတ်နိုင်ငံ၊ ယန်ချမ်းမြို့တွင် ဆောက်လုပ်ဆဲ တံတားတစ်စင်း ရုတ်တရက် ပြိုကျမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ရမှု ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တရုတ်နိုင်ငံ၊ ယန်ချန်းမြို့ (Yancheng City) ရှိ တည်ဆောက်ဆဲ ယွီကန်တံတား (Yuegang Bridge) ၏ ၃၁၂ ပေ ရှည်လျားသော အစိတ်အပိုင်းတစ်ခုမှာ ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းတွင် ရုတ်တရက် အကြီးအကျယ် ပြိုကျပျက်စီးသွားခဲ့ရာ လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားများသည် အပျက်အစီးများနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့ကြကာ လုပ်သားအများစု ပိတ်မိသွားခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်အတွင်း အလုပ်သမားနှစ်ဦးကို ပြင်းထန်သော ဒဏ်ရာများဖြင့် အပျက်အစီးများကြားမှ ကယ်ထုတ်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆေးရုံ၌ သေဆုံးသွားခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များသည် ပျောက်ဆုံးနေသော ကျန်အလုပ်သမား သုံးဦးကို တစ်ညလုံး အသည်းအသန် ရှာဖွေခဲ့ကြသည်။ အဆိုပါ အလုပ်သမားသုံးဦး၏ ရုပ်အလောင်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ရာ စုစုပေါင်း သေဆုံးသူ ၅ ဦးရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ယနေ့ အင်္ဂါနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။
ဤမတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်သည်။

အဆိုပါ ဖြစ်စဉ်သည် တရုတ်နိုင်ငံတွင်ပင် ဖွင့်လှစ်ပြီး လအနည်းငယ်သာ ရှိသေးသည့် ပေ ၂,၅၀၀ ရှည်လျားသော တံတားကြီး ဖုန်လုံးများကြား ပြိုကျသွားခဲ့သည့် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်တစ်ခုအပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် (Sichuan) ရှိ ဟုန်ချီတံတား (Hongqi Bridge) ကို ကြီးမားသော မြေပြိုမှုတစ်ခုက ဝါးမြိုသွားခဲ့ပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကြောက်မက်ဖွယ် ပြိုကျသွားသည့် ရုပ်သံမှတ်တမ်းများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ ဗီဒီယိုတွင် တောင်စောင်းတစ်ခု ပြိုကျလာသည်ကို မြင်တွေ့ရပြီး ဘေးမှကြည့်နေသူများက ထိတ်လန့်တကြား အော်ဟစ်နေကြသည်။
မြေပြိုမှု ပိုမိုပြင်းထန်လာသည်နှင့်အမျှ တံတား၏ အခြေခံဒေါက်တိုင်များကို အပျက်အစီးများက ဖုံးလွှမ်းသွားပြီး တံတားဖွဲ့စည်းပုံမှာ တဖြည်းဖြည်းချင်း ပျက်စီးသွားခဲ့သည်။ တရုတ်နိုင်ငံ၏ အလယ်ပိုင်းဒေသနှင့် တိဘက်ကို ဆက်သွယ်ထားသည့် ဤတံတားကြီးမှာ ဖုန်တလုံးလုံးဖြင့် ချောက်ကမ်းပါးအတွင်းသို့ ပြိုကျပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ဤဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေ။ တံတားအနီးရှိ တောင်စောင်းများနှင့် လမ်းများတွင် အက်ကြောင်းများ တွေ့ရှိခဲ့ခြင်းကြောင့် ဘေးကင်းလုံခြုံရေးအတွက် ရဲတပ်ဖွဲ့က အဆိုပါတံတားကို တနင်္လာနေ့ မွန်းလွဲပိုင်းကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွေ့ရှိချက်များအရ အနီးနားရှိ ရေလှောင်ကန်တွင် ရေစုဆောင်းထားမှုကြောင့် ကမ်းပါးများတွင် အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မာအာခမ်းမြို့ (Maerkang) ရှိ အမျိုးသားအဝေးပြေးလမ်း ၃၁၇ ၏ အစိတ်အပိုင်းအဖြစ် ဤတံတားကို မကြာသေးမီကမှ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ တံတားအက်ကွဲမှုများကို တွေ့ရှိပြီးနောက် ဒေသခံအာဏာပိုင်များသည် အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုများကို ချက်ချင်းလုပ်ဆောင်ခဲ့သည်။ ပြည်သူ့လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနှင့် သဘာဝသယံဇာတဌာနများမှ တာဝန်ရှိသူများ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာခဲ့ပြီး ည ၁၁ နာရီတွင် ပိတ်မိနေသော ယာဉ်အားလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း China Daily က ဖော်ပြခဲ့သည်။
Ref : The Sun
